နေပြည်တော်     စက်တင်ဘာ    ၃

၂၀၂၆  အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (ခ) ပထမနေ့ကို စက်တင်ဘာ ၃ ရက်က    ရန်ကုန်မြို့ရှိ  သုဝဏ္ဏကွင်း၌ ကျင်းပရာ   မြန်မာအသင်းနှင့်   ကူဝိတ်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။

အုပ်စုကျပ်အတွင်း ကျရောက်နေသည့် မြန်မာအသင်းအနေဖြင့် ကူဝိတ်အသင်းကို  သရေကစားနိုင်သဖြင့်  ကျေနပ်စရာရလဒ်ဖြစ်သော်လည်း ခြေစစ်ပွဲအောင်မြင်ရေးအတွက် လက်ကျန်နှစ်ပွဲတွင် ရုန်းကန်ရတော့မည်ဖြစ်သည်။   

မြန်မာအသင်းအနေဖြင့်  ကူဝိတ်အသင်းကို  အပြန်အလှန်ကစားနိုင်သော်လည်း တိုက်စစ်ပိုင်းတွင် အားနည်းချက်များရှိနေသဖြင့် ဂိုးမရဘဲ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။  

မြန်မာ ယူ-၂၃ အသင်း ပွဲထွက်လူစာရင်းတွင် အာကာကျော်၊ စွမ်းထက်၊ သန်းတိုးအောင်၊ ဇွဲမာန်သာ၊ မင်းမော်ဦးတို့ဖြင့် ပွဲထွက်လာသည်။ ကူဝိတ်အသင်း ကစားကွက်တည်မရအောင် မြန်မာအသင်း သည် ပွဲစကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ပွဲထွက်လာသည်။ မြန်မာအသင်းသည် ကူဝိတ်ခံစစ်ကို ဖိအားပေးနိုင်သော်လည်း ဂိုးရရှိရန် ဖန်တီးမှုအပိုင်းနှင့် ဂိုးရရှိရန် စွမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့သဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ ကူဝိတ်အသင်းသည် မိနစ် ၂၀ နောက်ပိုင်းတွင် အပြန်အလှန်တိုက်စစ်ဆင်ကစားနိုင်သော်လည်း  မြန်မာအသင်းခံစစ်နှင့်  ဂိုးသမားတို့ အမှားမရှိသဖြင့် ဂိုးမရခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်  နှစ်သင်းစလုံး ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြှင့်သော်လည်း ဂိုးမသွင်းနိုင်သဖြင့် ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် ဂျပန်၊ ကူဝိတ်၊ အာဖဂန်နစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၆ ရက်တွင် အာရှထိပ်သီး ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်