အဲဗာတန်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ အောက်တိုဘာ ၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အဝေးကွင်းကို လာရောက်ကစားခဲ့ရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းက ပထမပိုင်းပွဲကစားချိန် ၃၇ မိနစ်မှာ မူနော့စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပေမယ့် အိမ်ရှင် အဲဗာတန်အသင်းက ဒုတိယပိုင်းပွဲကစားချိန် ၇၆ မိနစ်မှာ အင်န်ဒီယေးက ပင်နယ်တီကတစ်ဆင့် တစ်ဂိုး၊ သာမန်ပွဲကစားချိန်မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ ဂရီယယ်လစ်ရှ်ကတစ်ဂိုး သွင်းယူနိုင်ခဲ့လို့ အဲဗာတန်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ၁၉ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရပြီဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် ပွဲစဉ်(၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယားအဆင့် ၇ နေရာကို တက်လှမ်းခွင့်ရရှိခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသောပရီမီယာလိဂ်ပွဲစဉ်တွေမှာတော့ အက်စ်တွန်ဗီလာအသင်းက ဘန်လေအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ နယူးကာဆယ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဝုလ်ဗာဟမ်တန်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်


