၁၂ သြဂုတ်


အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ အများကြီးရှိသလို အဲဒီဝေဒနာခံစားနေရတဲ့သူတွေလည်း တစ်ပုံကြီးပါ။ အစာအိမ်ရောဂါဆိုတာ တကယ်တော့ တစ်ခါဖြစ်ဖူးရင်ပျောက်ဖို့ တော်တော်မှ ခဲယဉ်းပါတယ်။ အစာအိမ်ရောင် နေတယ်၊ အနာဖြစ်နေတယ်ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစားမစားဘဲ နေလို့မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့မရ၊ စားတာတွေကလည်း အစာအိမ်နဲ့မတည့်ဖြစ်နေရင်ပိုဆိုးပြီပေါ့။


အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာ ကြားဖူးတယ်မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ်အောင့်တဲ့ ပြဿနာတွေအတွက်ဆို ကိုယ်စားတဲ့အစားအသောက်တွေကပိုတောင် အရေးကြီးတာပေါ့။


ဒီတော့ အစာအိမ်အောင့်နေတဲ့အချိန် ဘယ်လို အစားအစာတွေ စားပေးရင် သက်သာမှာလဲ ။


ပျော့ပြီး မစပ်တဲ့ အဆီမများတဲ့  အစားအစာတွေကို အဓိက ရွေးချယ်သင်ပါတယ်။ ဒါမှ အစာကြေလွယ်မှာ ဖြစ်ပြီး ခံစားနေရတဲ့ အ စာအိမ်နာ ဝေဒနာသက်သာမှာဖြစ်ပါတယ်။ 

စားသင့်တာတွေကတော့


Mashed potatoes – ကြိတ်ချေထားတဲ့အားလူးတစ်ခွက်ဟာ အဆာခံစေမယ့်အပြင် အက်ဆစ်တွေထွက်လို့ အောင့်နေတဲ့ အနာကိုလည်း သက်သာစေမှာ ဖြစ်ပါတယ်။


ကြက်ဥမွှေကြော် – ပရိုတင်းဓာတ်တွေ ကြွယ်ဝပြီး အဆာခံတဲ့ ဒီကြက်ဥမွှေကြော်ဟာ အစာအိမ်နာဖြစ်နေတဲ့သူတိုင်းအတွက် သင့်တော့်တဲ့ အစားအစာတစ်ခုပါ။


သကြားမပါတဲ့ဒိန်ချဉ် – ဒိန်ချဉ်ဆိုပြီး အစာအိမ်အချဉ်ပေါက်စေမယ့် အရာလို့တော့ မထင်လိုက်ပါနဲ့။ သူ့ဆီမှာ အစာခြေစနစ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေအပြည့်ပါတဲ့အပြင် အစာကြေလွယ်စေမှာပါ။


ထမင်းဖြူ – အစာအိမ်ထနေတဲ့အချိန် ထမင်းတွေပျော့ပျော့လေးတွေ စားပေးလို့ရသလို ဆန်ပြုတ်စားပေးလို့လည်း ရပါတယ်။ ဒါတွေက အစာကြေလွယ်ပြီး အက်ဆစ်ထွက်တာကိုလည်း လျှော့ချပေးမယ့် အရာတွေပါ။


အခြားသိထားသင့်တာတွေကတော့


အစာကို နည်းနည်းနဲ့အကြိမ်ရေများများခွဲစားပါ အဆာလုံးဝ မခံပါနဲ့။


ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ။


အစားစားပြီး ၂ နာရီအတွင်း လှဲလျောင်းတာမျိုး မလုပ်ပါနဲ့။


ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပါ။ ရေက အစာအိမ်အက်ဆစ်တွေပြင်းအားကို လျှော့ချပေးနိုင်မှာပါ။


ကိုယ့်မှာ ဒီလို  အစာအိမ်ရောဂါရှိလို့ ဘာမှ စားမရဘူးဆိုပြီး စိတ်တော့မညစ်လိုက်ပါနဲ့။  အစာအိမ်အတွက်သောက်ရမယ့်ဆေးတွေအပြင် ရှောင်သင့်တာတွေရှောင် စားသင့်တာတွေသာစားပေးရင် ခဏလေးအတွင်း ပြန်ပျောက်သွားမှာပါ။ ပြီးတော့ ခုပြောခဲ့တဲ့ အစားအစာတွေက အစာအိမ်အောင့်တာကို သက်သာစေမယ့်အပြင် အနာကျက်ခြင်းကို ပါအားပေးတာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ပျောက်မှာပါ။  ။


ရေးသားသူ - Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”