နိုဝင်ဘာ ၁၂

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့တွင် ပေါက်ကွဲမှုတစ်ခုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ပါကစ္စတန်အစိုးရက ထိုပေါက်ကွဲမှုသည် ကိုယ့်ကိုယ်ကိုယ်အသေခံတိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟု ယူဆထားသည်။

အဆိုပါပေါက်ကွဲမှုသည် မြို့တော်ရှိ တရားရုံးအနီးတွင် နိုဝင်ဘာ ၁၁ ရက် မွန်းတည့်ချိန်ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး မိုဆင် နာဗီက  တိုက်ခိုက်သူသည် တရားရုံးထဲသို့ ဝင်ရောက်ရန် ကြိုးစားရာ နေရာတွင် မိနစ် ၁၀ ခန့် ကြာမြင့်ခဲ့ကြောင်းနှင့် ၎င်းသည်ထိုသို့ပြုလုပ်ရန်မတတ်နိုင်ဘဲ ရဲကားတစ်စီးကို ပစ်မှတ်ထားကာ ဖောက်ခွဲရေးပစ္စည်းများဖောက်ခွဲခဲ့ကြောင်း ပြောကြားသည်။

စုံစမ်းစစ်ဆေးသူများသည် အခြားအသေးစိတ်အချက်အလက်များနှင့်အတူ တိုက်ခိုက်သူကို ဖော်ထုတ်ရန် ကြိုးစားလျက်ရှိကြောင်း ထိုဝန်ကြီးက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ရှီဘတ်ဇ်ရှာရစ်ဖ်က ယင်းဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုဟုခေါ်ဆိုခဲ့ကြောင်းနှင့် မည်သည့်အထောက်အထားမျှ ပြသနိုင်ခြင်းမရှိပဲ အိန္ဒိယထောက်ခံသော အစွန်းရောက်သမားများကို အပြစ်တင် ပြောဆိုခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါစွပ်စွဲချက်ကို ပယ်ချခဲ့သည်ဟု သိရသည်။

အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော ပါကစ္စတန်တာလီဘန်တို့သည် အာဖဂန်နစ္စတန်နယ်စပ်အနီး အနောက်မြောက်ပိုင်းပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ကြသည်။

ပါကစ္စတန်အစိုးရက ထိုအဖွဲ့သည် ပါကစ္စတန်တွင်တိုက်ခိုက်မှုများပြုလုပ်ရန် အိန္ဒိယထံမှ အထောက်အပံ့ရယူနေသည်ဟု အကြိမ်ကြိမ်စွပ်စွဲပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို