ဂျေရုဆလင်   အောက်တိုဘာ   ၂၇

သေဆုံးဓားစာခံရုပ်အလောင်းများ ကို ရှာဖွေရာတွင် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် အိမ်နီးချင်းအီဂျစ်နိုင်ငံမှ အဖွဲ့တစ်ဖွဲ့ကို ဂါဇာကမ်းမြောင်သို့  ဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေးအစိုးရအဖွဲ့က ပြောကြားလိုက်သည်။

အစ္စရေးတာဝန်ရှိသူများက  အိမ်နီးချင်းအီဂျစ်နိုင်ငံမှ အဖွဲ့တစ်ဖွဲ့  ဝင်ရောက်ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး    အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူညီချက်ကို အခြေခံကာ ကျန်ရှိနေသော ရုပ်အလောင်းများ ပြန်လည်လွှဲပြောင်းပေးရေးနှင့်ပတ်သက်ပြီး အစ္စလာမ္မစ်အဖွဲ့ ဟားမားစ်ကို အစ္စရေးက အပြင်းအထန်တောင်းဆိုနေချိန်တွင်  ထိုကဲ့သို့လုပ်ဆောင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

သဘောတူညီချက်အရ အောက်တိုဘာ ၁၃ ရက်နောက်ဆုံးထားပြီး    ဓားစာခံအားလုံးပေါင်း ၄၈ ဦးကို ပြန်လည်လွှတ်ပေးရမည်ဖြစ်သော်လည်း  သေဆုံးရုပ်အလောင်းအချို့ ပြန်လည်လွှဲပြောင်းပေးရာတွင် ဟားမားစ်အဖွဲ့ဘက်မှ   နှောင့်နှေးကြန့်ကြားမှု  ရှိနေခဲ့ခြင်းဖြစ်သည်။

ဂါဇာတောင်ပိုင်း   ခန်းယူနစ်မြို့တွင် အောက်တိုဘာ ၂၆ ရက်က   အင်န်အိတ်ချ်ကေ  ဂါဇာရုံးမှ ရိုက်ယူထားသော ရုပ်သံဖိုင်တွင် အီဂျစ်အဖွဲ့သည် စက်ယန္တရားကြီးများအသုံးပြုကာ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုအနီး တူးဖော်မှုများလုပ်ဆောင်နေသည်ကို တွေ့ရသည်။                                                       

အင်န်အိတ်ချ်ကေ