ဩဂုတ် ၂၉

အစ္စရေးနိုင်ငံတွက် ဝက်သက်ရောဂါဖြစ်ပွားသူ ၁၅၂ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဧပြီလအစောပိုင်းက ဝက်သက်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ရောဂါဖြစ်ပွားသူပေါင်း ၇၇၀ အထိမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ရောဂါဖြစ်ပွားမှုအစီရင်ခံစာများနှင့်ဆေးရုံတက်နှုန်းများမြင့်မားမှုတို့ကိုကိုးကားပြီး  လူပေါင်း ၁၅၅၀မှ ၂၇၅၀ သို့ ကူးစက်နိုင်သည်ဟု ထိုဝန်ကြီးဌာနက ခန့်မှန်းထားသည်။

လက်ရှိတွင် အသက်ခြောက်နှစ်အောက်အရွယ်အများစုဖြစ်သော ဆေးရုံတင်ထားရသူ ၂၄ ဦး အပါအဝင် ရောဂါရှာဖွေတွေ့ရှိထားသည့်လူနာ ၂၂၄ ဦး ရှိကြောင်းသိရသည်။ လူနာနှစ်ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင်ရှိနေပြီး တစ်ဦးသည်  ECMO ကိရိယာဖြင့် အသက်ရှူနှင့် သွေးလည်ပတ်ရေးထောက်ခံကုသမှုရှိသည်ဟု သိရသည်။

ထိုရောဂါဖြစ်ပွားမှုကြောင့် ကာကွယ်ဆေးမထိုးရသေးသည့် အသက် ၁၈ လနှင့် နှစ်နှစ်အရွယ်ရှိ ယောက်ျားလေးနှစ်ဦး သေဆုံးခဲ့သည်။

ထိုရောဂါစတင်ဖြစ်ပွားပြီး တစ်လခန့်အကြာ မေလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို ကျန်းမာရေးဝန်ကြီးဌာနကစတင်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ ကာကွယ်ဆေးပေါင်း ၁၁၅၀၀၀ ကျော်ကို ထိုးနှံပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ဝက်သက်ရောဂါသည် အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး အများအားဖြင့် အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နှာရည်ယိုခြင်းနှင့် အဖုအပိန့်များထွက်ခြင်းတို့ကို ဖြစ်စေသည်။ ပြင်းထန်သောဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပြီး တခါတရံသေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို