ကိုင်ရို အောက်တိုဘာ ၅

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့က ဓားစာခံများ ပြန်လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးဆုတ်ခွာမှုဆိုင်ရာ ခြေလှမ်းများ ဆွေးနွေးရန် အီဂျစ်နိုင်ငံ၌ အောက်တိုဘာ ၆ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း အီဂျစ်တာဝန်ရှိသူများက ပြောကြားသည်။

အီဂျစ်နိုင်ငံက  ပဋိပက္ခတွင်  စေ့စပ်ညှိနှိုင်းပေးသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

အမေရိကန်၏   ငြိမ်းချမ်းရေးအစီအစဉ်အရ အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားများကို လွှတ်ပေးရေးနှင့်တခြားကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့တဲ့လက အဆိုပြုသည့် အချက် ၂၀ ပါ ငြိမ်းချမ်းရေးအစီအစဉ်တွင်  အစ္စရေးဓားစာခံအားလုံးကို   ပြန်လွှတ်ပေးရန် ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၃ ရက်က သဘောတူခဲ့ပြီးနောက် ယခုဆွေးနွေးမည့် အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လာမည့် ရက်များအတွင်း ဓားစာခံများ အားလုံးကို ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း အောက်တိုဘာ ၄ ရက် ရုပ်မြင်သံကြားမိန့်ခွန်းတွင်  ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးတပ်ဖွဲ့များက  ဂါဇာကမ်းမြောင်ဒေသတွင် ထိန်းချုပ်ထားသည့် နယ်မြေများ၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအဆင့်အနေဖြင့် ဟားမတ်စ်အဖွဲ့ကို လက်နက်ဖြုတ်သိမ်းပြီး ဂါဇာကမ်းမြောင်ဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ သို့သော် ဟားမတ်စ်အဖွဲ့က လက်နက်ဖျက်သိမ်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး မည်သည့်တုံ့ပြန်ပြောကြားခြင်းမျှ မရှိသေးကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသမှ ကနဦး ဆုတ်ခွာရေးအစီအစဉ်ကို အစ္စရေးက သဘောတူကြောင်း ထရမ့်က ယမန်နေ့တွင် လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

အစ္စရေးက ဖျန်ဖြေပေးသည့်နိုင်ငံများကို ဆုတ်ခွာမည့်နယ်မြေများနှင့်ပတ်သက်ပြီး မြေပုံများနှင့်အတူ တင်ပြမည်ဖြစ်ကြောင်း အာရပ်မီဒီယာများက  သတင်းဖော်ပြသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်