အပြည်ပြည်ဆိုင်ရာ သုတေသီအဖွဲ့တစ်ဖွဲ့က ကမ္ဘာမြေပေါ်မှ အဆိပ်ရှိသော ဆာလ်ဖိုက်များကို ဓာတ်တိုးစေခြင်းဖြင့် ဖယ်ရှားပေးပြီး သံအဖြစ် ရှူထုတ်ပေးသော အဏုဇီဝတစ်မျိုးကို တွေ့ရှိခဲ့ကြ သည်။
အဆိုပါ သုတေသီအဖွဲ့ကို ဗီယင်နာတက္ကသိုလ်မှ အဏုဇီဝပညာရှင်များဖြစ်ကြသော မာ့ခ် မူဆမန်နှင့် အလက်ဇန္ဒားလွိုင်းတို့က ဦးဆောင်ခဲ့သည်။ သူတို့တွေ့ရှိသော ဗက်တီးရီးယားမှာ ယခင်က တွေ့ဖူးခြင်းမရှိသေးပေ။ သူတို့အဖွဲ့က ဟိုက်ထရိုဂျင်ဆာလ်ဖိုက်နှင့် သံသတ္တုရိုင်းတို့ကြားမှ ဓာတ်ပြုမှုသည် ဓာတုနည်းသက်သက်မဟုတ်ဘဲ ဇီဝနည်းပါ ပါဝင်သည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
နုန်းမြေများနှင့် စိမ့်မြေများတွင် ပေါက်ပွားသော အဆိုပါ အဏုဇီဝများသည် သူတို့ပတ်ဝန်းကျင်ရှိ အန္တရာယ်ဖြစ်စေသော ဆာလ်ဖိုက်များကိုစားသုံးပြီး ကြီးထွားအောင်လုပ်ကြခြင်းဖြစ်သည်။ ထိုအဏုဇီဝများကိုသုံးပြီး အောက်ဆီဂျင်မထွက်သော သမုဒ္ဒရာများနှင့် ရေကန်များကို သဘာဝနည်းဖြင့် ပြုပြင်နိုင်ရန် မျှော်လင့်ထားသည်။
ကမ္ဘာပေါ်တွင် ကာဗွန်၊ နိုက်ထရိုဂျင်၊ ဆာလ်ဖာနှင့် သံတို့ကဲ့သို့သော ဒြပ်စင်များ၏ စနစ်ကို ဇီဝဘူမိဓာတု သံသရာတို့က ထိန်းချုပ်ထားသည်။ ထိုသံသရာတို့သည် ဓာတ်တိုးခြင်းနှင့် ဓာတ်လျှော့ခြင်းတို့ကိုသုံးပြီး အဆိုပါဒြပ်စင်တို့ကို လေထု၊ သမုဒ္ဒရာများ၊ မြေကြီး၊ ကျောက်တုံး များနှင့် သက်ရှိများဆီသို့ ထုတ်လွှတ်ပေးသည်။ ဖန်လုံအိမ်ဓာတ်ငွေ့တို့ကို ထိန်းချုပ်ပေးပြီး ကမ္ဘာကြီး၏ ရာသီဥတုတို့ကို ထိန်းသိမ်းပေးနေသော သဘာဝဖြစ်စဉ်များလည်း ဖြစ်သည်။
“သဘာဝပတ်ဝန်းကျင်ထဲမှာ အရေးကြီးတဲ့ ဓာတ်တိုးဓာတ်လျှော့ ဓာတ်ပြုမှုတွေဟာ ဓာတုနည်းသက်သက်မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ ပြနိုင်ခဲ့ပါတယ်။ အဏုဇီဝပိုးမွှားတွေက သူတို့ ရှင်သန်ကြီးထွားဖို့အတွက် အဲဒီဓာတုပစ္စည်းတွေကို စားသုံးကြပါတယ်”ဟု အလက်ဇန္ဒားလွိုင်းက ရှင်းပြသည်။
သူတို့တွေ့ရှိသော အဏုဇီဝမှာ သံအောက်ဆိုက်ကို ဓာတ်လျှော့ပြီး ဆာလ်ဖိုက်ကို ဓာတ်တိုးသည့် လုပ်ငန်းစဉ်နှစ်ရပ်ကို တစ်ပြိုင်နက်လုပ်ဆောင်ခြင်းဖြစ်သည်။ ဓာတုဓာတ်ပြုမှုများလိုမဟုတ်ဘဲ ဆာလ်ဖာသံသရာထဲမှ ကြားအဆင့်များကို ကျော်လွှားပြီး ဆာလ်ဖိတ်များ တိုက်ရိုက်ထွက်လာသည်ဟုလည်း ဆိုသည်။
Ref: Scitechdaily


