စက်တင်ဘာ ၁၇

          မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)၏ အစီရင်ခံစာအရ ယခုဘဏ္ဍာနှစ်ငါးလအတွင်း ပြည်ပသို့ လစဉ် ဆန်တန်ချိန် ၂၀၀,၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ စက်တင်ဘာလတွင်လည်း ဆန်တန်ချိန် ၂၀၀,၀၀၀ တင်ပို့နိုင်ရန် ရည်ရွယ်ထားကြောင်း၊ လာမည့်အောက်တိုဘာလမှ စတင်၍ ၂၀၂၆ ခုနှစ် မတ်လအထိ လစဉ် ဆန်တန်ချိန် ၃၀၀,၀၀၀ တင်ပို့နိုင်ရေးနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဦးစားပေး တင်ပို့နိုင်ရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

          ယခုနှစ်အတွက် ကောက်စောစပါး စတင်ထွက်ပေါ်နေပြီဖြစ်ရာ ဆန်စပါးဝယ်လိုအား ကျဆင်းနေသည့်အတွက် စပါးစိုက်တောင်သူများ စိုးရိမ်မှုမြင့်တက်လျက်ရှိသကဲ့သို့ တောင်သူ များ ဝင်ငွေထိခိုက်နိုင်ကြောင်းလည်း သုံးသပ်လျက်ရှိကြသည်။ ပြီးခဲ့သည့် လပိုင်းအတွင်းက ကမ္ဘာ့ဆန်စပါးဈေးနှုန်း သိသိသာသာကျဆင်းနေသော်လည်း ယခုအချိန်တွင် ဆက်လက် ကျဆင်းနိုင်ချေမရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

          မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ဒေသအသီးသီးရှိ ပွဲစားများ၊ ကုန်သည်များနှင့် ချိတ်ဆက်ထားသည့် ပို့ကုန်ကုမ္ပဏီများအား ဆန်စပါးဝယ်ယူမှု ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုထားသည်။ ထို့အပြင် ကုန်စည်တင်ပို့မှု၊ ဆန်စပါးကြိတ်ခွဲခြင်းနှင့် ဈေးကွက် တင်ပို့ရာတွင် အဆင်မပြေမှု တစ်စုံတစ်ရာရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်နိုင်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းထားရှိရန်နှင့် ဝယ်ယူစုဆောင်းမှု မှတ်တမ်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ အပတ်စဉ် သောကြာနေ့တိုင်း export@mif.com.mm မှတစ်ဆင့် ပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်မှ သိရသည်။

MDN