ရန်ကုန်     ဩဂုတ်    ၁၂

၂၀၂၅-၂၀၂၆ ရာသီ AFC Challenge League ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် လာအိုကလပ် EZRA အသင်းတို့သည် ဩဂုတ် ၁၂ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်း ပင်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် EZRA အသင်းသည်  သာမန်ပွဲကစားချိန်  မိနစ်  ၉၀ တွင်  ဂိုးမရှိသရေ၊  အချိန်ပို  မိနစ်  ၃၀  တွင် တစ်ဂိုးစီသရေကျနေသဖြင့်   ပင်နယ်တီဖြင့် ဆုံးဖြတ်ရာ EZRA အသင်းက ငါးဂိုး-သုံးဂိုး၊ စုစုပေါင်း  ခြောက်ဂိုး-လေးဂိုးဖြင့်  အနိုင်ရခဲ့သည်။   ရန်ကုန်ယူနိုက်တက် အသင်းသည် အိမ်ကွင်း၌ကစားရသော်လည်း  အနိုင်ရရှိအောင်  စွမ်းဆောင်နိုင်ခြင်းမရှိသဖြင့်  AFC Challenge League နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည့်အခွင့်အရေး   လက်လွှတ်ခဲ့ရသည်။

ယခုရာသီ AFC Challenge League ပြိုင်ပွဲတွင် မြန်မာကလပ် နှစ်သင်း ယှဉ်ပြိုင်ခွင့်ရထားပြီး MNL လိဂ်ချန်ပီယံ   ရှမ်းယူ နိုက်တက်အသင်းက   နောက်ဆုံးအဆင့်မှ   တိုက်ရိုက်ကစားခွင့်ရသော်လည်း ဒုတိယဆုရ ရန်ကုန်ယူနိုက်တက်အသင်းမှာမူ   ခြေစစ်ပွဲအဆင့်မှ စတင်ကစားရပြီး လာအိုကလပ်ကို အရေးနိမ့်ခဲ့သဖြင့် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခွင့်ဆုံးရှုံးခဲ့သည်။ လာအိုကလပ် EZRA အသင်းသည် နိုင်ငံတကာကလပ်ပြိုင်ပွဲ   နှစ်ခုတွင်  မြန်မာကလပ်နှစ်သင်းနှင့်   တွေ့ဆုံနေပြီး   ခုနစ်ရက်အတွင်း သုံးပွဲကစားရခြင်းဖြစ်သည်။ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေပြီး ဩဂုတ် ၉ ရက်က ကစားသည့် ပထမအကျော့ အိမ်ကွင်းပွဲတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ထားကာ ဩဂုတ် ၁၅ ရက်တွင် အဝေးကွင်းပွဲအဖြစ် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။            

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်