AFF Cup 2022 ပြိုင်ပွဲတွင် မြန်မာအသင်း မလေးရှားနှင့် အိမ်ကွင်းစတင်ကစားရမည်

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် AFF Cup 2022 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို သြဂုတ် ၃၀ ရက်တွင်ပြုလုပ်ပြီးနောက် အုပ်စုပွဲစဉ်များ ထပ်မံထုတ်ပြန်ခဲ့ရာ မြန်မာအသင်းသည် အုပ်စုပထမပွဲအဖြစ် မလေးရှားအသင်းနှင့် အိမ်ကွင်း စတင်ကစားရမည်ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ခြေစစ်ပွဲအောင်အသင်း (တီမော/ဘရူနိုင်း)၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ မြန်မာနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကို ငါးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်သင်းလျှင် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။  AFF Cup 2022 ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆၊ ၇ ရက်၊ ဒုတိယအကျော့ကို ဇန်နဝါရီ ၉၊ ၁၀ ရက်၊ ဗိုလ်လုပွဲ ပထမအကျော့ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်၊ ဒုတိယအကျော့ကို ဇန်နဝါရီ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားအသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၂၄ ရက်တွင် စင်ကာပူအသင်းနှင့် အဝေးကွင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်း၊ ဇန်နဝါရီ ၃ ရရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။ 

 မြန်မာအသင်းသည် ၂၀၁၈ ပြိုင်ပွဲတွင် တစ်အုပ်စုတည်းကျရောက်ခဲ့သည့် ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ၂၀၂၀ ပြိုင်ပွဲတွင် တစ်အုပ်စုတည်းကျရောက်ခဲ့သည့် စင်ကာပူအသင်းတို့နှင့် ပြန်လည်ကျရောက်လျက်ရှိသည်။ ယခင်ပြိုင်ပွဲများတွင် နောက်ဆုံးတွေ့ဆုံမှုအရ မြန်မာအသင်းသည် ၂၀၁၈ ပြိုင်ပွဲ အုပ်စုအဆင့်တွင် လာအိုအသင်းကို နိုင်၊ ဗီယက်နမ်နှင့် သရေကျကာ မလေးရှားအသင်းကို အရေးနိမ့်ခဲ့သည်။ စင်ကာပူအသင်းနှင့် ၂၀၂၀ ပြိုင်ပွဲ အုပ်စုအဆင့်တွေ့ဆုံရာတွင် အရေးနိမ့်ထားသည်။ ထို့ကြောင့် မြန်မာအင်းသည် ယခုနှစ်တွင် အုပ်စုအဆင့်ကျော်လွန်နိုင်ရန် ပိုမိုအားထုတ်ရဖွယ်ရှိနေပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် ရေပန်းစားနေသည့်အသင်းများအနက် ဗီယက်နမ်၊ စင်ကာပူတို့နှင့်ပွဲများကို အဝေးကွင်းကစားရမည်ဖြစ်သောကြောင့် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ - AFF