မြတ်ကြေးမုံ

AI နည်းပညာကို ကဏ္ဍပေါင်းစုံ၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ယနေ့ခေတ်တွင် အကြောင်းအရာ content များ ဖန်တီးထုတ်လုပ်ရာ၌ AI ကို ပုံစံတစ်မျိုးမျိုး (သို့မဟုတ်) အခြားနည်းလမ်းတစ်ခုခုဖြင့် အသုံးပြုလျက်ရှိကြသည်။ ရိုးရှင်းသည့်နည်းလမ်းဖြစ်သော Chat GPT ကိုသုံး၍ စာသားများရေးခြင်း၊ blog တစ်ခုအတွက်( သို့) ဆောင်းပါးတစ်ပုဒ်အတွက် (သို့) အီးမေးလ်များ ပေးပို့ခြင်းများအတွက် အသုံးပြုသလို အချို့ရုပ်ပုံများ ထုတ်လုပ်သကဲ့သို့ ဆန်းပြားရှုပ်ထွေးသည့် အရာများဖန်တီးရာတွင်လည်း AI ကို အသုံးပြုကြပါသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများအတွက် AI ကို အသုံးပြုပြီး ရေးသားထုတ်လုပ်လာသည့် အပေါ် မူပိုင်ခွင့် ဥပဒေက မည်ကဲ့သို့ သတ်မှတ်သလဲ၊ မြန်မာနိုင်ငံတွင်လည်း AI အသုံးပြု၍ ထုတ်လုပ်ထားသည့် Content များအတွက် မူပိုင်ခွင့်များကို မည်ကဲ့သို့ သတ်မှတ်ထားသလဲဆိုသည်မှာ မေးစရာ ဖြစ်လာပါသည်။

မူပိုင်ခွင့်ကာကွယ်မှုဥပဒေ သတ်မှတ်ပြဋ္ဌာန်းရန်ဆိုသည်မှာ

AI နည်းပညာသည် တစ်ရက်ထက်တစ်ရက် တိုးတက်ပြောင်းလဲနေသည့်အတွက် AI အသုံးပြု ရေးသားဖန်တီးမှုအပေါ် မူပိုင်ခွင့်ကာကွယ်မှုဥပဒေ သတ်မှတ်ပြဋ္ဌာန်းရန်ဆိုသည်မှာ အလွန်ပြောင်းလဲနေသည့် ဥပဒေနယ်ပယ်တစ်ရပ်ဟု ပြောရပါမည်။ နေ့စဉ်နေ့တိုင်းလိုလို နိုင်ငံအသီးသီးတွင် မတူညီသောတရားစီရင်ပိုင်ခွင့်များမှ စီရင်ထုံးအသစ်များ ထွက်ပေါ်လာလျက်ရှိနေပြီး အမေရိကန်၊ အီးယူ၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့၏ တရားရုံးများ၊ မူဝါဒ ချမှတ်သူများ၊ မူဝါဒရုံးများသည် အလွန်တက်ကြွသောသဘောဖြင့် ဤနယ်ပယ်အတွက် အမှန်တကယ် စိတ်ဝင်စားစွာလုပ်ဆောင်နေကြပါသည်။

တရားရုံးများက မည်သည့်အတွက်ကြောင့် အလွန်စိတ်အားထက်သန်စွာ တက်ကြွနေရသနည်း ဟု တွေးမိကောင်းတွေးမိနိုင်ပါသည်။ အဆိုပါ နိုင်ငံများတွင် AI နှင့်ပတ်သက်သည့် တရားစွဲဆိုသည့် အမှုများ အများကြီးရှိနေခြင်းကြောင့် ဖြစ်ပါသည်။ အချို့သော ဂျာနယ်လစ်များ (သို့မဟုတ်) ထုတ်ဝေသူများက ၎င်းတို့ ရေးသားထုတ်ဝေထားသည့် အကြောင်းအရာများ၊ ၎င်းတို့၏ စာအုပ်များကို အသုံးပြုနေသည်ဟု AI ကုမ္ပဏီများကို တရားစွဲဆိုကြသည်။ ထိုသို့ဆိုပါက AI အသုံးပြုထုတ်လုပ်ထားသည့် အလုပ်(AI Generated work)ဆိုသည် မှာ မည်သို့နည်း။

AI မှ ထုတ်လုပ်သော လက်ရာများသည် အတော်လေး ပြည့်ပြည့်စုံစုံရှင်းပြပေးနိုင်သည်။ သို့သော် ၎င်းတို့သည် အဓိကအားဖြင့် အမျိုးအစားနှစ်ခု ကွဲပြားနေပါသည်။ တစ်မျိုးမှာ ကိုယ်ပိုင် အုပ်ချုပ်စေခိုင်းခွင့် (Autonomous) အမျိုးအစား ဖြစ်ပြီး နောက်တစ်ခုမှာ အထောက်အကူပြု (Assisted Work) အမျိုးအစားဖြစ်သည်။ ကိုယ်ပိုင် အုပ်ချုပ်စေခိုင်းခွင့်ရှိသော AI ဖန်တီးထားသည့် အလုပ်ဆိုသည်မှာ အခြေခံအားဖြင့် လူသား ပါဝင်ပတ်သက်မှု မရှိသော အလုပ်ကိုဆိုလိုပါသည်။ ဥပမာအားဖြင့် chat GPT တွင် ပန်းသီးပုံတစ်ပုံကို ထုတ်လုပ်ပေးပါ (သို့မဟုတ်) ပန်းသီးစားနေသော လူသားရုပ်ပုံတစ်ခု ထုတ်လုပ်ပေးပါဟုပြောပါက ထိုအရာသည် ကိုယ်ပိုင်အုပ်ချုပ်စေခိုင်းခွင့်ဖြင့် AI ကို အသုံးပြုထုတ်လုပ်သည့် အလုပ်လက်ရာ ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအလုပ်တွင် လူသားအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင် ခြင်းမရှိသောကြောင့်ဖြစ်သည်။ လူသားသည် အမိန့် ပေးရုံဖြင့် အလိုအလျောက်စေခိုင်းနိုင်သော AI က ထုတ်ပေးသည့်အလုပ်၏ ဥပမာတစ်ခုဖြစ်သည်။

အထောက်အကူပြု (Assisted Work) အမျိုးအစားဆိုသည်မှာ မိမိမှ AI ကို အချက်အလက် အများကြီးပေး၍ လိုချင်သော အနေအထားဖြစ်အောင် ခိုင်းစေခြင်းဖြစ်သည်။ ဥပမာ-ပန်းသီး တစ်လုံးစားနေသည့် အမျိုးသားတစ်ယောက် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည့်ပုံကို ကြည်လင်ပြတ်သားသည့်နောက်ခံဖြင့် လိုချင်ပါသည်၊ ထိုလူသည် လူမျိုးတစ်မျိုးမျိုးနှင့် တူသည့်ပုံ ဖြစ်ရပါမည်ဟု အချက်အလက်ပေးခြင်းဖြစ်ပါသည်။ အခြေခံအားဖြင့် စာရေးဆရာတစ်ဦး(သို့မဟုတ်) ထုတ်လုပ်သူတစ်ဦးအနေဖြင့် ကိုယ်ပိုင်ထည့်သွင်းမှု(Inputs) များစွာကို ပေးဆောင်ရပြီး ထွက်ပေါ်လာသောရလဒ်သည် AI မှ အကူအညီပေးသည့် အလုပ် (သို့မဟုတ်) AI ထုတ်ပေးသည့်အလုပ် (AI Generated Work)၏ ဥပမာတစ်ခုဖြစ်သည်။ ထို့ကြောင့် AI အကြောင်းပြောသည့်အခါ လုပ်ဆောင်ချက် နှစ်မျိုးရှိသည်ဟု မှတ်သားထားရ မည် ဖြစ်ပါသည်။ တစ်ခုက AI သက်သက် ထုတ်လုပ်ပေးသည့် အလုပ်နှင့် AI ကို inputs များပေးပြီး ထုတ်လုပ်ခိုင်းသည့် အလုပ်တို့ဖြစ်ပါသည်။

အမှန်တကယ် သတိထားရမည့်အချက်

အကြောင်းအရာဖန်တီးသူများနှင့် မီဒီယာတွင် အလုပ်လုပ်နေသူများအနေဖြင့် AI ထုတ်ပေးသည့် လက်ရာများနှင့်ပတ်သက်၍ အမှန်တကယ် သတိထားရမည့်အချက်မှာ မိမိတို့အလုပ်အတွက် AI ကို အားကိုးရုံသာမက မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန်အတွက် AI ကို လုံးလုံးလျားလျား မှီခိုနေခြင်းဖြစ်သည်။ မိမိတို့လိုချင်သော နောက်ဆုံးရလဒ်ကို ထုတ်လုပ်ပေးရန်အတွက် AI ကို အမိန့်များပေးခြင်း (သို့ မဟုတ်) ညွှန်ကြားချက်အချို့ပေးခြင်း (prompts) စသည်ဖြင့် လူသားထည့်သွင်းမှု အဆင့်အချို့ကို ပေး၍ အသုံးပြုလျက်ရှိနေသည်။

မူပိုင်ခွင့်ဥပဒေ (Copyright Law) ၏ အရင်းခံမူမှာ အလုပ်ကို ရေးသားဖန်တီးလုပ်ဆောင်သူမှာ လူသားတစ်ဦးသာဖြစ်သည်ဟူသော အချက်ကို အာရှ၊ အမေရိကနှင့် ဥရောပတစ်ခွင်လုံး အလုံးစုံ ကျင့်သုံးနေခြင်းကြောင့် AI မှ ထုတ်လုပ်သော လက်ရာများ၏မူပိုင်ခွင့်ကို အဓိကထား၍ ပြောကြား ရမည်ဆိုပါက ရေးသားဖန်တီးမှုလက်ရာ၏ ပိုင်ရှင်သည် လူသားဖြစ်ရမည် (သို့မဟုတ်) Corporate ကော်ပိုရိတ်တစ်ခု ဖြစ်ရမည်။ ဥပမာအားဖြင့် သတင်းထောက်တစ်ဦးသည် BBC တွင် အလုပ်လုပ်သည်ဆိုပါက BBC ၏ သတင်းထောက်တစ်ဦးအဖြစ် လုပ်ဆောင်နိုင်သည့် စွမ်းရည်ဖြင့် တိကျသေချာသော အကြောင်းအရာတစ်ခုကို ထုတ်လုပ်ရာတွင် BBC ၏ အချိန်ပြည့် ဝန်ထမ်းတစ်ဦးလည်းဖြစ်ပါက ထိုအကြောင်းအရာ ထုတ်လုပ်မှု၏ မူပိုင်ခွင့်ကို BBC က ပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။

သို့ရာတွင် အလွတ်တန်းသတင်းသမား တစ်ယောက်ဆိုပါက စာချုပ်ဆိုင်ရာ အစီအစဉ် သဘောတူညီချက်များအပေါ် အမှန်တကယ်မူတည်ပါသည်။ မူပိုင်ခွင့်ဥပဒေသည် အင်မတန် ရှင်းလင်း နေသည့်အတွက်ကြောင့် ယခုလို အခြေအနေမျိုးများတွင် လူသားပဲဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုကပဲဖြစ်ဖြစ် AI အကူအညီရယူ၍ လုပ်ဆောင်သော အလုပ်များကို တွက်ချက်ရန်အတွက် မူပိုင်ခွင့်အကာအကွယ်ပေးမှုကို လွှမ်းမိုးနိုင်သော အခြားတရားစီရင် ပိုင်ခွင့်မရှိပါ။ ထိုကဲ့သို့အနေအထားမျိုးကို မည်သည့်နိုင်ငံမှာမှ ဥပဒေပြဋ္ဌာန်းထားခြင်းမရှိသေးပါ။ ဥပမာအားဖြင့် အိန္ဒိယကဲ့သို့ နိုင်ငံအချို့တွင် စက်ဖြင့် ဖန်တီးထုတ်လုပ်သည့်အလုပ်များ (machine generated works) ဟု ရည်ညွှန်းလေ့ရှိသော်လည်း ဥပဒေကို ရေးဆွဲသောအခါတွင် စက် (machine) ဟူသောအသုံးအနှုန်းသည် ကွန်ပျူတာများကို အမှန်တကယ်ရည်ညွှန်းခြင်းဖြစ်ပြီး AI ကို ရည်ညွှန်းထားခြင်းမဟုတ်ပါ။

လက်ရှိတရားရုံးများတွင် ပေါ်ပေါက်နေသည့် ဥပဒေ၏ အငြင်းပွားဖွယ်နောက်တစ်ခုမှာ Paint Brush လိုမျိုး ရိုးရှင်းသည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး computer စတင်သုံးစွဲစဉ်အချိန်တုန်းကဆိုလျှင် Paint Brush ၏ tool တချို့ကိုသုံးပြီး ရုပ်ပုံတချို့ကို ဖန်တီးနိုင်ခဲ့ဖူးကြသည်။ ဥပမာအားဖြင့် ဂရပ်ဖစ် ဒီဇိုင်းဆွဲသည့် tool တစ်ခုခုကို သုံး၍ (သို့) Micro-soft ဂရပ်ဖစ်ဒီဇိုင်းကိရိယာများနှင့် ရိုးရိုးပုံဆွဲနည်းကို အသုံးပြုပြီး ပုံတစ်ခုခုဆွဲသည်ဆိုပါက ဤအရာသည် AI မှ ထုတ်ပေးသည့်အလုပ်မဟုတ်ဘဲ ကွန်ပျူတာ(စက်)မှ ထုတ်လုပ်သည့် အလုပ်ဖြစ်ပါသည်။

AI သည် မည်သည့်အဖွဲ့ အစည်းအတွက်မဆို မရှိမဖြစ် လိုအပ်

ထို့ကြောင့် ဤအဆင့်သည် ဥပဒေ၌ ကွဲပြားမှုရှိသည်။ အချို့သောနိုင်ငံများတွင် စက်ဖြင့် ထုတ်လုပ်ထားသော အလုပ်များကို ရည်ညွှန်းခြင်းဖြစ်ပြီး AI မှ ထုတ်လုပ်သောအလုပ်များ မဟုတ်သည့်အတွက် ဤနေရာ၌ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာ သည်။ ယခုအချိန်တွင် AI သည် မည်သည့်အဖွဲ့ အစည်းအတွက်မဆို မရှိမဖြစ် လိုအပ်သည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အကြောင်းအရာ ဖန်တီးသူများအနေဖြင့် AI သည်လည်း အဖွဲ့ဝင်အသင်းသား တစ်ယောက်ဖြစ်နေသည်။

 သို့ဖြစ်၍ တရားဥပဒေ၏ အဓိကမေးခွန်းမှာ “ စာရေးသူကမည်သူနည်း ” "Who is the author? "။ AI သည် စာရေးဆရာတစ်ဦးဖြစ်နိုင်လား၊ လူသား၏ဖန်တီးနိုင်စွမ်းကဲ့သို့ စွမ်းဆောင်မှု လုံလောက်ပါသလား။ နိုင်ငံတကာအဆင့်တွင် Berne Conven-tion ဟု ခေါ်သည့် စာချုပ်တစ်ခု ရှိပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် Berne Convention တွင် လက်မှတ်ရေးထိုးထားသူများဖြစ်ပြီး Berne Convention ၏ အာရှတိုက်အတွင်း တစ်ခုတည်း သော ခြွင်းချက်နိုင်ငံမှာ အီရန်နိုင်ငံဖြစ်သည်။ Berne Convention အောက်တွင် လူသားစာရေးဆရာ လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး စက်တစ်လုံးသည် စာရေးဆရာဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သို့မျှ ရည်ညွှန်းထားခြင်းမရှိပါ။ ထို့အတွက်ကြောင့် ကမ္ဘာ့နိုင်ငံများသည် ၎င်းတို့၏ ကိုယ်ပိုင် မူပိုင်ခွင့်ဥပဒေများကို ရေးဆွဲကြသည့်အခါ နိုင်ငံတကာစံနှုန်းကို လိုက်နာရသည့်အတွက် လူသားစာရေးဆရာ (သို့မဟုတ်) စာရေးဆရာဆိုပါက လူသားများကိုသာ ရည်ညွှန်းကြောင်းကိုလည်း ထည့်သွင်းရေးသားထားဖို့ လိုပါသည်။

နောက်ထပ် TRIPS Agreement (Trade Related Aspects of Intellectual Property Rights) ဟုခေါ်တွင်သော ဉာဏပစ္စည်းမူပိုင်ခွင့် ဆိုင်ရာကဏ္ဍများကို ရောင်းဝယ်ဖောက်ကားခြင်း သဘောတူညီချက်ဆိုသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၏ အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က စီမံခန့်ခွဲသည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုဖြစ်သည်။

လက်ရှိအငြင်းပွားမှုများအတွက် အဓိက​ မေးခွန်းနှစ်ခု

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် နိုင်ငံတစ်နိုင်ငံသည် အဖွဲ့ဝင်ဖြစ်လိုပါက ၎င်းတို့သည် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်သဘောတူညီချက်ဖြစ်သည့် TRIPS Agreement ကို လက်မှတ်ရေးထိုးရန် လိုအပ်သည်။ ထိုစာချုပ်တွင် အဖွဲ့ဝင်များ (သို့ မဟုတ်) အဖွဲ့ဝင်နိုင်ငံများသည် တီထွင်ဖန်တီးမှု လက်ရာများကို ကာကွယ်ရန်လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ယခု တရားရုံး များရှေ့မှောက်နှင့် နိုင်ငံတကာပညာရှင်များ ရှေ့မှောက်ရှိ မေးခွန်းမှာ တီထွင်ဖန်တီးမှုလက်ရာများ ဆိုသည်မှာ မည်ကဲ့သို့နည်း။ တီထွင်ဖန်တီးမှု လက်ရာများကို စက်တစ်ခု (သို့မဟုတ်) AI က ဖန်တီးနိုင်စွမ်းရှိပါလား။ ထို့​ကြောင့် လက်ရှိအငြင်းပွားမှုများအတွက် အဓိက​ မေးခွန်းနှစ်ခုမှာ လူသား စာရေးဆရာဆိုသည်မှာ မည်ကဲ့သို့နည်းနှင့် တီထွင်ဖန်တီးမှုလက်ရာများဆိုသည်မှာ မည်ကဲ့သို့နည်း ဖြစ်သည်။

နိုင်ငံတကာသဘောတူစာချုပ် နှစ်ခုစလုံး ဖြစ်သည့် Berne Convention နှင့် TRIPS Agreement များတွင် AI နှင့်ပတ်သက်၍ မည်သည့် လမ်းညွှန်မှုမျှမရှိပါ။ အမှန်တကယ်တွင် စက် (Machine) များနှင့် ပတ်သက်၍လည်း လက်ရှိတွင် မည်သည့်ရည်ညွှန်းချက်မှ ကိုးကားစရာမရှိသေးပါ။ ထို့ကြောင့် ယခုကိုးကားပြောဆိုနေခြင်းသည် စက် (Machine) အတွက် မူပိုင်ခွင့်ပိုင်ရှင်များဟု ပြဋ္ဌာန်းချက် အချို့ရှိသည့် နိုင်ငံများအကြောင်းဖြစ်ပြီး အဆိုပါ နိုင်ငံများသည်လည်း သူတို့၏ မူပိုင်ခွင့် ဥပဒေကို ခေတ်နှင့်အညီ ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် အဆိုပါနိုင်ငံတကာသဘောတူ စာချုပ်နှစ်ခု (Berne Convention နှင့် TRIPS Agreement) သည် စက်တစ်လုံးသည် စာရေးဆရာဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သို့မျှ ရည်ညွှန်းအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပါ။ သို့ဖြစ်ပါက အမေရိကန်ပြည်ထောင်စု၏ မူပိုင်ခွင့်နှင့် ပတ်သက်သည့် လက်ရှိအခြေအနေမှာ မည်ကဲ့သို့နည်း။ အမေရိကန်ပြည်ထောင်စုတွင် မူပိုင်ခွင့်ကို စီမံခန့်ခွဲသည့် အခြေခံအဖွဲ့အစည်းဖြစ်သည့် US မူပိုင်ခွင့်ရုံးဟု လူသိများသည့် ၎င်းတို့၏ မူပိုင်ခွင့်ရုံးမှ မူဝါဒစာတမ်းနှစ်စောင်ထုတ်ပြန်ခဲ့ပါသည်။ မူပိုင်ခွင့် နှင့် ပတ်သက်သည့် အဆိုပါမူဝါဒစာတမ်းနှစ်စောင်တွင် လူသား၏စာရေးသားဖန်တီးမှု လိုအပ်ကြောင်း နှင့် AI တစ်ခုတည်း ဖန်တီးထားသည့်အလုပ်ကို မူပိုင်ခွင့် အကာအကွယ်မပေးနိုင်ကြောင်း မူပိုင်ခွင့် ရုံးက ရှင်းလင်းထားပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် ၎င်းတို့ပြောလိုသည်မှာ AI အသုံးပြုထုတ် လုပ်ထားသည့် လက်ရာများကို အမေရိကန်နိုင်ငံ (US) မူပိုင်ခွင့်ဥပဒေအောက်တွင် အကာအကွယ် မပေးနိုင်ကြောင်း ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆို ကြပါသည်။

US မူပိုင်ခွင့်ရုံးတွင် ခေတ်မီဆန်းပြားသည့် ဆော့ဖ်ဝဲလ်များရှိ

AI မှ တစ်စုံတစ်ရာ ရယူပါက ဥပမာ - တစ်ဦး တစ်ယောက်သည် presentation များ တင်ဆက် ရန်အတွက် အဆင်သင့်လုပ်ထားသည့် free version presentation AI ဖြစ်သည့် Gemini AI ကို အသုံးပြုရန်ရယူပါက ယင်းအပေါ်တွင် ရေစာ ထည့်ထားသည့်အတွက် ရေစာကို ဖယ်ရှားရမည် ဖြစ်သည်။ အကယ်၍ အစွမ်းထက်သော ကိရိယာအချို့ကို အသုံးပြု၍ (သို့မဟုတ်) အစွမ်းထက်သော အင်ဂျင်နီယာအချို့က အဆိုပါရေစာများကို ဖယ်ရှားပြီး မိမိ၏တင်ဆက်မှုကို ကိုယ်ပိုင်ဖန်တီးမှုအဖြစ်အမေရိကန် မူပိုင်ခွင့်ရုံးတွင် မူပိုင်ခွင့်လျှောက်ထား၍ မှတ်ပုံတင်ပါက ယင်းကို ငြင်းပယ်မည်ဖြစ်ပါသည်။ US မူပိုင်ခွင့်ရုံးက ၎င်းသည် AI မှ ထုတ်ပေးသည့် လက်ရာအလုပ်တစ်ခုလား၊ ကိုယ်တိုင်ဖန်တီးထားသည့် အလုပ်လားဆိုသည်ကို မည်ကဲ့သို့သိနိုင် မည်နည်းဟု မေးခွန်းမေးစရာ ရှိပါသည်။ ပြောနိုင် သည်ကတော့ US မူပိုင်ခွင့်ရုံးတွင် တကယ်ကို ခေတ်မီဆန်းပြားသည့် ဆော့ဖ်ဝဲလ်များ ရှိသည်ဟု ပြောနိုင်ပါသည်။ US မူပိုင်ခွင့်ရုံးသည် မည်သည့် အမျိုးအစားကိုမဆို AI ဖြင့် ဖန်တီးထုတ်လုပ်ထား သည်(သို့) အမှန်တကယ် လူသားများ၏ မူရင်းလက်ရာများဖြစ်သည်ကို ခွဲခြားနိုင်သည့် ပစ္စည်းကိရိယာစက်ပစ္စည်းများ အစုံအလင်တပ်ဆင်ထားပါသည်။

ယနေ့ အမေရိကန်မူပိုင်ခွင့်ရုံးသည် မူပိုင်ခွင့်မှတ်ပုံတင်ခြင်း လျှောက်ထားသူ မည်သူအတွက် မဆို လျှောက်လွှာတင်သည့် စနစ်တစ်ခုကို အမှန်တကယ် မိတ်ဆက်ပေးခဲ့ပြီး ထိုစနစ်မှာ မူပိုင်ခွင့် လျှောက်ထားသည့် လုပ်ငန်းလက်ရာကို ဖန်တီးရန်အတွက် AI ကိရိယာများကို အသုံးပြုထားခြင်းရှိ/မရှိ မဖြစ်မနေဖော်ပြရန် တောင်းဆိုထားသည်။ အကယ်၍ တစ်စုံတစ်ဦးက Amazon ebooks များကို ရေးသည်ဆိုပါက Amazon ပင်လျှင် အထူးသဖြင့် Amazon Kindle သည် e-books များ ဖန်တီးရန် (သို့မဟုတ်)အကြောင်းအရာများ ဖန်တီးရန်အတွက် AI ကိရိယာများကို အသုံးပြုထားခြင်း ရှိ မရှိ မဖြစ် မနေထုတ်ဖော်ရမည့်မူဝါဒ ဖြစ်ပါသည်။

အမေရိကန်ပြည်ထောင်စုတွင် AI စနစ်နှင့် ပတ်သက်နေသည့် အင်ဂျင်နီယာဆိုင်ရာ အချေ အတင် ဆွေးနွေးစရာမေးခွန်းတစ်ခုလည်း ရှိနေပါသည်။ ဥပမာအားဖြင့် လူတော်တော်များများက ယနေ့ခေတ်တွင် AI စနစ်၏ လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးရန် ညွှန်ကြားချက်များ၊ အချက်အလက်များပေး၍ ခိုင်းစေခြင်းများ ပြုလုပ်ကြသည့် အတွက် အဆိုပါညွှန်ကြားချက်များကို မူပိုင်ခွင့် ဥပဒေအောက်မှာ အကာအကွယ်ပေးနိုင်မလားဆိုသည့်မေးခွန်း ဖြစ်ပါသည်။

မတူညီသည့် လူများကြားတွင် မတူညီသည့် အမြင်များရှိကြသော်ငြားလည်း ထိုကဲ့သို့ ညွှန်ကြား ချက်များ၊ အချက်အလက်များကို မူပိုင်ခွင့် အကာအကွယ်ပေးရန်မဖြစ်နိုင်ပါ၊ အဘယ်ကြောင့်ဆိုသော် မူပိုင်ခွင့်ဆိုသည်မှာ စာရေးဆရာ၊ မူရင်းရေးသားသူ၏ ဖန်တီးမှုလက်ရာများကို အကာအကွယ်ပေးသည့် ဉာဏပစ္စည်းမူပိုင်ခွင့် အမျိုးအစားဖြစ်သည့် အတွက် AI ကို ညွှန်ကြားသည့် ညွှန်ကြားချက် သီးသန့်သည် တီထွင်ရေးသားဖန်တီးမှုမမြောက် သည့်အတွက်ဖြစ်ပါသည်။

တီထွင်ဖန်တီးနိုင်မှု အဆင့်ရှိရန် လိုအပ်

မူပိုင်ခွင့်ဥပဒေသည် မူရင်းတီထွင်ဖန်တီးမှုကိုသာ အမှန်တကယ် ကာကွယ်ပေးထား သည့်အတွက် Chat GPT ကို ပေးလိုက်သည့် ညွှန်ကြားချက် prompts သည် ရှည်လျားပြီး အဓိပ္ပာယ်က အလွန် ဆန်းသစ်နေသော်ငြားလည်း လုပ်ဆောင်ချက်များက စက်မှုနည်းပညာ အလွန်ဆန်သည့်အတွက် မူပိုင်ခွင့်အကာအကွယ် မရနိုင်ကြောင်း တွေ့ရှိရသည်။ နောင်နှစ်ပေါင်း များစွာကြာပြီးနောက် အချို့တရားစီရင်ပိုင်ခွင့်များတွင် စက်မှုနည်းပညာအလွန်ဆန် သည့်လုပ်ငန်းကိုပင် စတင်အကာအကွယ်ပေးကောင်း ပေးလာနိုင်သော်လည်း မူပိုင်ခွင့်ဥပဒေ၏ အရင်းခံမူမှာ ယခုအချိန်အထိ တီထွင်ဖန်တီးနိုင်မှု အဆင့်ရှိရန် လိုအပ်ပါသည်။

ယခုအခါ တရုတ်နိုင်ငံသည် အာရှ၏ထိပ်တန်း တရားစီရင်ပိုင်ခွင့် အာဏာများထဲမှ တစ်ခုဖြစ်လာ ပြီး AI နှင့်ပတ်သက်၍ ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် AI မှဖန်တီးထုတ်လုပ်ပေးသော လက်ရာများနှင့် ပတ်သက်၍ မူပိုင်ခွင့်ကာကွယ်မှုဆိုင်ရာ ဆွေးနွေးမှု များစွာပြုလုပ်လျက်ရှိနေသည်။ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ ပေကျင်းအင်တာနက်တရားရုံးတစ်ခု က AI ဖြင့် ရေးသားထုတ်လုပ်သည့် ဆောင်းပါးအား မူပိုင်ခွင့် အကာအကွယ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် တရုတ်တရားရုံးများက AI မှ ထုတ်လုပ်ထားသည့် လက်ရာများအပေါ် မူပိုင်ခွင့်ကာကွယ်မှုအား အသိအမှတ်ပြုရန် အလွန်တိုးတက်နေသည် (သို့မဟုတ်) အလွန်ပွင့်လင်းသည်ဟု ပြောနိုင်သည်။ မကြာသေး မီ ၂၀၂၃ ခုနှစ်တွင်လည်း ပေကျင်းရှိ အခြားတရားရုံး တစ်ခုက AI ထုတ်ပေးသည့် ပုံရိပ်ကို အကာအကွယ် ပေးထားမှု ထပ်မံဖြစ်ပွားခဲ့ပါသည်။

ထို့ကြောင့် အမေရိကန်နိုင်ငံနှင့် အာရှနိုင်ငံများ၏ ကွဲပြားခြားနားမှုမှာ အလွန်ကြီးမားပြီး အာရှ (သို့မဟုတ်) အာရှပစိဖိတ်ဒေသ၏ အခြေအနေသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်း လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည်ကို မည်သူမှ မပြောနိုင်ကြပါ။ အခြေခံအားဖြင့် တရုတ်နိုင်ငံတွင် AI မှ ထုတ်လုပ်သော လုပ်ငန်းများကို အထူးပြုထိန်းချုပ်သည့် ဥပဒေမရှိသေးသော်လည်း တရားရုံးက အလွန်တိုးတက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံ လိုက်ခြင်းဖြစ်သည်။ အဆိုပါ မူပိုင်ခွင့် လျှောက်ထားသူများက တရုတ်နိုင်ငံ၏ အမျိုးသားမူပိုင်ခွင့် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် National Copyright Administration – NCA ထံ အဆိုပါလုပ်ငန်းကို မှတ်ပုံတင်ရန် သွားရောက်လျှောက်ထားခဲ့သော်လည်း “AI ဖြင့်ထုတ်လုပ်သည်”ဟူသော အကြောင်း ပြချက်ဖြင့် ပယ်ချခံခဲ့ရသည်။

ထို့ကြောင့် လျှောက်ထားသူများသည် ပယ်ချမှုကို စိန်ခေါ်ရန် တရားရုံးသို့ သွားခဲ့ရာ တရားရုံးများထံမှ အလွန်ကွဲပြားသောအမြင်ကို ရရှိခဲ့သည်။ သူတို့သည် ဥပဒေအား အလွန်ကျယ်ပြန့်စွာ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပြီး လူသားတစ်ဦးသည် အချက်အလက် များသွတ်သွင်းခြင်း (သို့မဟုတ်) လေ့ကျင့်မှုမှတစ်ဆင့် ပံ့ပိုးပေးပါက AI ထုတ်ပေးသည့်အလုပ်အား အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆို ကြပါသည်။ ထို့ကြောင့် တရုတ်တရားရုံးများက ယခုအချိန်အထိ AI နှင့် လူသား(စာရေးဆရာ) ပေါင်းစပ်ထားသော အလုပ်လက်ရာသည် မူပိုင်ခွင့် အကာအကွယ်ပေးရန်အတွက် လုံလောက်သည်ဟူသော ရပ်တည်ချက်ကို ခံယူထားကြသည်။ မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးရန်အတွက် တီထွင်ဖန်တီးမှု အဆင့်မြင့်မားရန် မလိုအပ်ပါ။ လူသား ပါဝင်အားထုတ်ထားသည်ဖြစ်ပါက အကာအကွယ် ပေးမည်ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။

လူသားအားထုတ်မှုနှင့် လူသားတီထွင်ဖန်တီးမှု

ဤနေရာတွင် လူသားအားထုတ်မှုဆိုသည့် အသုံးအနှုန်းနှင့် လူသားတီထွင်ဖန်တီးမှု ဆိုသည့် အသုံးအနှုန်း၏ ကွဲပြားခြားနားချက်ကို သတိထားရမည်ဖြစ်ပါသည်။ လူသားတစ်ဦးအနေဖြင့် တီထွင် ဖန်တီးမှုများစွာကို မလုပ်ဆောင်သော်လည်း ၎င်းပါဝင်ပတ်သက်နေပါက အကာအကွယ်ပေးမည် ဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမှာ အားထုတ်မှုဟူသော ဝေါဟာရနှင့် တီထွင်ဖန်တီးမှုဟူသော အသုံးအနှုန်းကြား ခြားနားချက်ရှိသည့်အတွက်ဖြစ်ပါသည်။ ဥပမာအားဖြင့် presentation တစ်ခုခုအတွက် ရေစာအမှတ်အသားကို ဖယ်ရှားခြင်း (သို့မဟုတ်) စာသားကို အနည်းငယ်ပြင်ဆင်တည်းဖြတ်ခြင်းကဲ့သို့သော အလုပ်သည် အားထုတ်မှုပမာဏဖြစ်ပြီး ၎င်းသည် တီထွင်ဖန်တီးမှုပမာဏ မဟုတ်ပါ။

သို့ရာတွင် တရုတ်နိုင်ငံတရားရုံးများ၏ ဆုံးဖြတ်ချက်ဆိုလိုရင်းမှာ လူသားတစ်ယောက် အနေဖြင့် အလုပ်တစ်ခုခုဖန်တီးရာတွင် လူသားအားထုတ်မှုအနည်းငယ်ဖြင့် AI နည်းပညာ အသုံးပြု ထုတ်လုပ်ထားလျှင်ပင် မူပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်သည်ဟု ဆိုလိုပါသည်။ ထိုကဲ့သို့သော ချဉ်းကပ်မှုသည် တကယ်တော့ အမေရိကန်နိုင်ငံက လက်ခံကျင့်သုံးသည့် ချဉ်းကပ်ပုံနှင့် အတော်လေး ကွဲပြားပါသည်။

ယခုအခါ အိန္ဒိယနိုင်ငံတွင် အိန္ဒိယမူပိုင်ခွင့် အက်ဥပဒေသည် စာရေးဆရာအား လူသားတစ်ဦး (သို့မဟုတ်) တရားဝင်ပုဂ္ဂိုလ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တရားဝင်ပုဂ္ဂိုလ်ဆိုသည်မှာ အမှန် တကယ် မှတ်ပုံတင်ထားသော လူ့အဖွဲ့အစည်း (သို့ မဟုတ်) ကုမ္ပဏီတစ်ခု ဖြစ်နိုင်သည်။ ယခုအချိန် အထိ အိန္ဒိယမူပိုင်ခွင့် ဥပဒေတွင် AI အတွက် တိုက်ရိုက်ပေါ်လစီ မရှိသေးသလို AI မှ ထုတ်လုပ် သည့်လက်ရာများအား မည်ကဲ့သို့ကာကွယ်သင့်သည် ဆိုသည်နှင့် ပတ်သက်၍လည်း ဆွေးနွေးမှု မရှိသေးပေ။ ယခုလက်ရှိတွင် အိန္ဒိယ၏အကြီးဆုံး သော သတင်းအေဂျင်စီတစ်ခုမှ ထုတ်ဝေသူ အုပ်စုတစ်စုသည် သတင်းသမားအချို့ကို ၎င်းတို့၏ လုပ်အားလက်ရာများအား အသုံးပြုမှုအတွက် တရားစွဲခြင်းများရှိပြီး အမှုဆက်လက်ရင်ဆိုင်နေကြဆဲ ဖြစ်ပါသည်။

မည်သည့်မူပိုင်ခွင့်

လုပ်ထုံးလုပ်နည်းမျှမရှိသေး

AI မှ ထုတ်ပေးသည့်အလုပ်နှင့် ပတ်သက်၍ ထုတ်ဝေသူများနှင့် ဂျာနယ်လစ်များအကြားတွင် အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိနေပြီး အိန္ဒိယမူပိုင်ခွင့်ဥပဒေ၌ မတူညီသောမှတ်ချက်တစ်ခုမှာ စက်ဖြင့်ဖန်တီးထားသော လက်ရာများကို အကာအကွယ်ပေးနိုင်ကြောင်း အပိုင်းတစ်ခုရှိသည်။ သို့ရာတွင် AI ဖြင့် ဖန်တီးထုတ်လုပ်သည့် လက်ရာများ ( AI Generated work) နှင့် စက်ဖြင့် ဖန်တီးထားသည့် လက်ရာများ (Machine Generated work)ကို တန်းတူညီစွာ အကာအကွယ် ပေးခြင်း ရှိ မရှိနှင့် ပတ်သက်၍မူ ယနေ့ထိ တရားရုံးရှေ့ကို အငြင်းပွားမှုအဖြစ် ရောက်မလာသေးပါ။ အိန္ဒိယနိုင်ငံ၏ မူပိုင်ခွင့်ကို ရေးသားစဉ်အခါက စက်ဖြင့် ဖန်တီးထုတ်လုပ်ပေးသော အလုပ်များဆိုသည်မှာ Paint Brush (သို့မဟုတ်) notepad (သို့မဟုတ်) Microsoft Word ကဲ့သို့သော ဆော့ဖ်ဝဲလ်ကို ရည်ညွှန်းထားခြင်းကြောင့် ဖြစ်ပါသည်။ ယနေ့ အသုံးပြုနေကြသည့် ခေတ်မီဆန်းပြားသော AI ကိရိယာများ မပေါ်ပေါက်သေးသည့်အတွက် ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပါ။ ထို့ကြောင့် AI ဖြင့် ထုတ်လုပ်သည့် အလုပ်များအတွက် မည်သည့်မူပိုင်ခွင့် လုပ်ထုံးလုပ်နည်းမျှမရှိသေးပါ။

ဂျပန်နိုင်ငံတွင် AI ဖြင့် ထုတ်လုပ်သော အလုပ်များနှင့်ပတ်သက်၍ အမှန်တကယ် AI ကို မည်သို့ ကာကွယ်သင့်သည် (သို့မဟုတ်) AI ကို မည်သို့ထိန်းကျောင်းလည်ပတ်သင့်သည် ဆိုသည်ကို အဆင့်မြင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ အစိုးရများက AI ကို မည်သို့ ထိန်းကျောင်းသင့်သည် ဆိုသည်ကို ဆွေးနွေးတိုင်း ဉာဏပစ္စည်း မူပိုင်ခွင့်(IP) သည် ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင် နေသည်။ ထို့ကြောင့် ဂျပန်နိုင်ငံတွင် AI ဖြင့် အပြည့် အဝ ဖန်တီးထုတ်လုပ်ထားသည့် အလုပ်များအား ယေဘုယျအားဖြင့် အကာအကွယ်မပေးပါဟု ဖော်ပြထားသည့် စာတမ်းတစ်စောင်ကို ဂျပန်အစိုးရက ထုတ်ဝေလိုက်ပါသည်။

အလုပ်တစ်ခုအတွက် မူပိုင်ခွင့်အကာအကွယ် ရရှိရန် လူ့သားကိုယ်တိုင်ဖန်တီး ရေးသားမှုသည် အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ ထို့ကြောင့် အလုပ် တစ်ခုသည် AI ဖြင့် သက်သက်ဖန်တီးထုတ်လုပ်ထားပါက ကာကွယ်နိုင်မည်မဟုတ်ကြောင်း ဂျပန်အစိုးရထံ၏ သဘောထားကို ဖော်ပြထားပါသည်။

Reference: Dr. Seemantani Sharma, Legal Manager, Asia-Pacific Broadcasting Union