မြတ်ကြေးမုံ
ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်တွင် အထူးအမျိုးအစားများအား မူဘောင်အပြင်ဘက်တွင် အကာအကွယ်ပေးသည့် Sui generis protection အထူးပုံစံတစ်ခုရှိသည်။ Sui generis သည် လက်တင်အခေါ်အဝေါ်ဖြစ်ပြီး “ထူးခြားသောအမျိုးအစား”ဟု အဓိပ္ပာယ်ရသည်။ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် လူအများသိထားပြီးသော မူပိုင်ခွင့်မူဘောင်၏ အပြင်ဘက်ရှိ အထူးအကာအကွယ်ပေးမှုပုံစံကို ရည်ညွှန်းပါသည်။
တစ်စုံတစ်ခုသော လိုအပ်ချက်ကို ဖြည့်ဆည်းရန်၊ အံဝင်ခွင်ကျဖြစ်စေရန်၊ အထူးပြု၍ ဖန်တီး ထားသော အခွင့်အာဏာစနစ်တစ်ရပ်အဖြစ်လည်း သတ်မှတ်နိုင်ပါသည်။ ထိုအခွင့်အာဏာစနစ်ကို မိရိုးဖလာရိုးရာ ဗဟုသုတအသိပညာများ (Tradi-tional Knowledge)နှင့် ဆက်စပ်သဘာဝအရင်းအမြစ်များဆိုင်ရာ အခွင့်အရေးများအား ကာကွယ် ရန်အတွက် ကျင့်သုံးခြင်းဖြစ်ပါသည်။ လက်ရှိ ဂျပန်တွင် အထူးအမျိုးအစားများအား မူဘောင်အပြင်ဘက်တွင် အကာအကွယ်ပေးရေး လိုအပ်ကြောင်း ဆွေးနွေးမှုအချို့ရှိနေသည်။
သီးခြားဥပဒေဟု အဓိပ္ပာယ်ဖွင့်ဆို၍
Sui generis protection ဆိုသည့် စကားလုံးကိုပြောသည့်အခါ AI သက်သက်ဖြင့် ထုတ်လုပ်ထားသည့်အလုပ်များပါ အကျုံးဝင်သည့် သီးခြားဥပဒေဟု အဓိပ္ပာယ်ဖွင့်ဆို၍ရပါသည်။ အဘယ်ကြောင့်ဆိုသော် တည်ဆဲမူပိုင်ခွင့်ဥပဒေ၏ အခြေခံအချက် မှာ ဖန်တီးထုတ်လုပ်ရေးသားသူမှာ လူသားဖြစ်ရမည်ဖြစ်သည့်အတွက် AI မှ ထုတ်လုပ်ထားသော လက်ရာများသည် ထိုအမျိုးအစားထဲတွင် ဘောင်မဝင်ပါ။ AI အတွက် မူပိုင်ခွင့်ပါ ထည့်သွင်းသတ်မှတ်နိုင်ရန် လက်ရှိတည်ဆဲမူပိုင်ခွင့်ဥပဒေကို ပြင်ဆင်မည်ဆိုပါကလည်း ရှေ့နေများ၊ ဥပဒေပြုသူများ၊ လွှတ်တော်ကိုယ်စားလှယ်များက လက်တွေ့တွင် အမှန်တကယ် မပြင်ဆင်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပြင်ဆင်မည်ဆိုပါက အခြေခံအားဖြင့် ဥပဒေတစ်ရပ်လုံးကို ဖျက်သိမ်း၍ အသစ်ပြန်လည်ရေးဆွဲရမည့် အနေအထားဖြစ်သည်။ ထိုဥပဒေကို ရေးသားစဉ်အခါက လူသားများသာ လက်ရာများ ဖန်တီးရေးသားထုတ်လုပ်နိုင်သည်ဟူသော ယူဆချက်ဖြင့် ရေးသားထားခြင်းကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ယခုလက်ရှိ ကုလသမဂ္ဂ(UN)က ဦးဆောင်နေသည့် ဉာဏပစ္စည်းမူပိုင်ခွင့် အဖွဲ့အစည်း WIPO တွင် ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် AI ကော်မတီ အေဂျင်စီများအကြား အချေအတင်ဆွေးနွေးမှုများ ဆွေးနွေးနေရပြီး AI ဖြင့် ထုတ်လုပ်ဖန်တီး ရေးသား ထားသည့် လုပ်ငန်းများကို ကာကွယ်ရန် Sui Generis Law ကို လိုအပ်သည် (သို့မဟုတ်) လက်ရှိ ဥပဒေစနစ်အရ AI လက်ရာများအား ကိုင်တွယ်ရန် အလွန်ခက်ခဲလာသည်နှင့်အမျှ အဆိုပါလုပ်ငန်းများအား မည်ကဲ့သို့ အကာအကွယ်ပေးသင့်သည်ဆိုသည်မှာ အဓိကအချက် ဖြစ်လာပါသည်။
ယနေ့အချိန်အထိ တောင်ကိုရီးယားတွင် AI ဖြင့် ဖန်တီးထုတ်လုပ်သည့် လုပ်ဆောင်ချက်လက်ရာများအတွက် အကာအကွယ်ပေးမှု မရှိသေးသော်လည်း အဆင့်မြင့်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေပါသည်။ တောင်ကိုရီးယားသည် အာရှ၏ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် AI ကို မည်သို့မည်ပုံ ထိန်းကျောင်းသင့်သည်ဆိုသည်ကို သိရှိလိုကြပြီး ဆွေးနွေးပွဲများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ဉာဏပစ္စည်းဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ ဉာဏပစ္စည်း မူပိုင်ခွင့်တွင် ကဏ္ဍပေါင်းစုံပါဝင်နေပြီး နည်းပညာမူပိုင်ခွင့်၊ အနုပညာမူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ် များ ပါဝင်ပါသည်။
မူပိုင်ခွင့်အများစုသည် ယေဘုယျအားဖြင့် နည်းပညာကို ရည်ညွှန်းပြီး တောင်ကိုရီးယားသည် နည်းပညာကဏ္ဍတွင် အလွန်မြင့်မားနေသောကြောင့် ၎င်းတို့၏ ဆွေးနွေးမှုအများစုမှာ နည်းပညာ မူပိုင်ခွင့်အပိုင်းကို ပိုမိုဦးစားပေး၍ အနုပညာဖန်တီးမှု မူပိုင်ခွင့်များတွင် များစွာပါဝင်ခြင်းမရှိပါ။ ထို့ကြောင့် တောင်ကိုရီးယားတွင် မည်ကဲ့သို့ အခြေအနေမျိုး ပေါ်ပေါက်လာမည်ဆိုသည်ကို စောင့်ကြည့် နေရမည်ဖြစ်ပြီး ယနေ့အချိန်အထိ နည်းပညာ အကူအညီယူ၍ ဖန်တီးရေးသားထုတ်လုပ်ထားသော လက်ရာများအား မည်ကဲ့သို့ မူပိုင်ခွင့်ပေးကာကွယ် ရမည်ဆိုသည့် တိကျသောလမ်းညွှန်ချက်များ မရှိထားသေးပါ။
လူထုနှင့် တိုင်ပင်ဆွေးနွေးမှုများလည်း ပြုလုပ်နေရဆဲဖြစ်
စင်ကာပူနိုင်ငံသည် ၎င်း၏ဥပဒေကို ၂၀၂၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သော်လည်း အဆိုပါပြင်ဆင်ခဲ့သော ဥပဒေအောက်တွင် မူပိုင်ခွင့်ဖြင့် အကာအကွယ် ပေးထားသည့်လုပ်ငန်းကို အသုံးပြု၍ ဆော့ဖ်ဝဲလ်ကို လေ့ကျင့်ပေးနေသည့် ကုမ္ပဏီရှိပါက ယင်းကို သင့်တင့်မျှတသော အသုံးပြုမှု (Fair Use Exce-ption) ပြဋ္ဌာန်းချက်အောက်တွင် ကင်းလွတ်ခွင့်ရှိသည်ဟု ဆိုပါသည်။ ယခုကဲ့သို့ ခွင့်ပြုရသည့် အကြောင်းရင်းမှာ စင်ကာပူနိုင်ငံသည် AI ကုမ္ပဏီများ စင်ကာပူတွင် လာရောက်ရင်းနှီးမြှုပ်နှံစေချင် သည့်အတွက် ဖြစ်ပါသည်။ သို့ရာတွင် AI ဖြင့် ထုတ်လုပ်ဖန်တီးရေးသားထားသည့် လုပ်ဆောင် ချက်လက်ရာများနှင့် ပတ်သက်၍ မည်သည့်သတ်မှတ်ချက်မှ ထုတ်ပြန်ထားခြင်းမရှိသေးသလို လူထုနှင့် တိုင်ပင်ဆွေးနွေးမှုများလည်း ပြုလုပ်နေရဆဲဖြစ်ပါသည်။ ဤနေရာတွင် အပိုင်းနှစ်ပိုင်းရှိပါသည်။ တစ်ခုက စာရေးဆရာ မည်သူနည်းဆိုသည်ကို သေသေချာချာ သိထားရမည်ဖြစ်ပြီး နောက်တစ်ခုမှာ သင့်တင့်မျှတသော အသုံးပြုမှု (Fair Use Exception) နှင့်ပတ်သက်သော ခြွင်းချက်ဖြစ်သည်။
အကယ်၍ AI ကုမ္ပဏီ (သို့မဟုတ်) ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုခုက ဒေတာများ လေ့ကျင့်ရန် (သို့မဟုတ်) ဆော့ဖ်ဝဲလ်ကိုလေ့ကျင့်ရန် မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးထားသည့် လုပ်ငန်းများကို အသုံးပြုနေပါက မူပိုင်ခွင့်ချိုးဖောက်မှုနှင့် တရားစွဲနိုင်မည်လား။ ၎င်းတို့က မူပိုင်ခွင့်ဥပဒေကို ချိုးဖောက် နေသည်ဟု ပြောနိုင်မလား။ အဖြေက- တရားစွဲနိုင် ပါသည်၊ ၎င်းတို့သည် မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် ထုတ်ဝေသူများနှင့် AI ကုမ္ပဏီများအကြား အငြင်းအခုံများ ဖြစ်နေရခြင်းဖြစ်ပါသည်။
သို့သော် စင်ကာပူနိုင်ငံသည် အဖွဲ့အစည်း တစ်ခုခု (သို့မဟုတ်) ကုမ္ပဏီတစ်ခုခုက ၎င်းတို့၏ အချက်အလက်များကို လေ့ကျင့်ရန် (သို့မဟုတ်) ၎င်းတို့၏ အယ်လဂိုရီသမ် (Algorithm)ကို လေ့ကျင့် တီထွင်ရန်အတွက် ရှိပြီးသားမူပိုင်ခွင့်များကို အသုံးပြု နေပါက ခြွင်းချက်အနေဖြင့် ခွင့်ပြုပေးသော ရှားရှားပါးပါး နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ၎င်းတို့သည် မူပိုင်ခွင့်ကင်းလွတ်မှုအောက်တွင် ကင်းလွတ်ခွင့် ပြုခွင့်ရှိသည်။ တစ်နည်းဆိုရသော် စင်ကာပူနိုင်ငံတွင် တရားစွဲမည်မဟုတ်ပေ။ AI သည် data ပေါ်တွင် အလုပ်လုပ်နေခြင်းဖြစ်သည့်အတွက် ယနေ့ Chat GPT တွင် တွေ့မြင်နေရသည့် output ရလဒ်မှန်သမျှသည် ဒေတာအပေါ် အခြေခံထားခြင်းဖြစ်သည်။ Chat GPT များအားလုံးသည် ၎င်းဒေတာ များကို စုစည်းနေကြခြင်းဖြစ်သည်။ သို့သော် ၎င်းဒေတာများကို စုစည်းရန်အတွက် ရှိပြီးသား၊ မူပိုင်ခွင့်ရထားပြီးသား အလုပ်များကို အသုံးပြုရမည် ဖြစ်သည်။ လက်ရှိ မူပိုင်ခွင့်ရရှိပြီးသား အလုပ်များကို အသုံးပြုနေသော်လည်း မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြု ချက်ကို မရယူပါက ၎င်းလုပ်ရပ်သည် အမှန်တကယ် ချိုးဖောက်မှုတစ်ခု ပြုလုပ်နေခြင်းဖြစ်သည်။
နဂိုရှိရင်းစွဲဒေတာကို အားကိုး၍ လုပ်ကိုင်နေရခြင်းဖြစ်
သို့ဖြစ်ပါက AI ဖြင့်ဖန်တီးထားသည့် အလုပ်များအတွက် မူပိုင်ခွင့်သတ်မှတ်ရန် အဓိကစိန်ခေါ်မှုက မည်သည့်အရာနည်း။ ပထမအချက်မှာ AI ဖြင့် အလုပ်တစ်ခုကို ဖန်တီးသည့်အခါ စာရေးဆရာ သတ်မှတ်ချက် မရှင်းလင်းသောကြောင့် လူသားများ ၏ ပါဝင်ပတ်သက်မှုအဆင့်နှင့် AI ၏ အခန်းကဏ္ဍအကြား ရှုပ်ထွေးမှုများစွာကို ဖြစ်စေသောကြောင့် ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း AI သည် အလုပ်တစ်ခုကို သူ့ဘာသာသူ ဖန်တီးလုပ်ဆောင် နိုင်ခြင်းမရှိဘဲ နဂိုရှိရင်းစွဲဒေတာကို အားကိုး၍ လုပ်ကိုင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် AI သည် အလွန်တီထွင်ဖန်တီးမှု အားကောင်းသည်ဟု ယူဆ၍မရပါ။ AI သည် အခြားသော မူပိုင်ခွင့်ပိုင်ရှင်များကို အားကိုးနေရခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ယခုလို အငြင်းအခုံများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဒုတိယအချက်မှာ AI ဖြင့် ထုတ်လုပ်ထားသည့် အလုပ်သည် မူရင်း(Original)ဆိုသည့် အဓိပ္ပာယ် သတ်မှတ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု မရှိခြင်း ဖြစ်သည်။ မူပိုင်ခွင့်ဥပဒေ၏ အဓိပ္ပာယ်သတ်မှတ် ချက်မှာ လုံးဝမူရင်း အမှန်တကယ်၊ အစစ်အမှန် ဝတ္ထု(Novel)ကို ဆိုလိုခြင်းဖြစ်ပါသည်။ တီထွင် ဖန်တီးမှုလို့ ဆိုလိုခြင်းမဟုတ်ပါ။ လူအများစုက လုံးဝမူရင်းအစစ်အမှန်ဟု စဉ်းစားလိုက်ပါက မူရင်း (Original)ဆိုသည်မှာ တီထွင်ဖန်တီးမှုကို အဓိပ္ပာယ် သတ်မှတ်သည်ဟု ထင်ကောင်းထင်ကြပါလိမ့်မည်။ သို့ရာတွင် မူပိုင်ခွင့်ဥပဒေ၏ ရှုထောင့်မှကြည့်လျှင် မူရင်းသည် လူ့ဦးနှောက်ထဲမှ ထွက်လာသည့် Original Idea မူလကိုယ်တိုင်ဖန်တီးမှု၊ မူရင်းအကြံ အစည်၊ အကြောင်းအရာ(ဝတ္ထု)ဖြစ်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
အခြား ကြားခံစက်ပစ္စည်းများ အကူအညီဖြင့် “အဆင့်မြင့်စွာ တီထွင်ဖန်တီးထားသော”ဆိုသည် မျိုး ဖြစ်ရန်မလိုအပ်ပါ။ မူပိုင်ခွင့်နှင့်ပတ်သက်၍ တရားစီရင်ပိုင်ခွင့်များအောက်တွင် အကာအကွယ် ပေးထားသည့် အခြေခံအချက်ဖြစ်သည့် “ကိုယ်တိုင်ဖန်တီးမှု/မူရင်း အကြံဉာဏ်”ဖြစ်ရန်သာ လိုအပ်ခြင်း ဖြစ်သည်။ အကယ်၍ မိမိသည် မီဒီယာအဖွဲ့အစည်း တစ်ခု၏ အကြောင်းအရာထုတ်လုပ်ရေး content production တွင် ပါဝင်ပတ်သက်နေပါက လိုင်စင်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ပြဿနာများရှိနေ နိုင်သည့်အတွက် လိုင်စင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် လိုအပ်ပါက သို့မဟုတ် မိမိ၏ အကြောင်းအရာကို အခြားသူတစ်ဦးထံ လိုင်စင်ချရန် လိုအပ်ပါက မိမိလုပ်ငန်းအတွက် လိုင်စင်ကို မည်ကဲ့သို့ စံနှုန်းတန်ဖိုး သတ်မှတ်မည်နည်း။
ဥပဒေစိုးမိုးရေးကိစ္စကို သေချာပေါက်ထည့်တွက်ရမည်
အဘယ်ကြောင့်ဆိုသော် လိုင်စင်ရယူရန် (သို့မဟုတ်)လိုင်စင်ချပေးရန်အတွက်ဆိုပါက တစ်စုံ တစ်ယောက်မှ ကိုယ်ပိုင်ဖန်တီးထားသော အလုပ် ဟုတ် မဟုတ် (သို့မဟုတ်) အခြားသူတစ်ဦး၏ အလုပ်ကို တစ်စိတ်တစ်ပိုင်း ယူငင်အသုံးပြုခဲ့သည် (သို့မဟုတ်) ထိုအလုပ်ကို ဖန်တီးရန် AI ကို အားကိုးနေသည်ဆိုသည်ကို မသိနိုင်ခြင်းကြောင့်ဖြစ်သည်။ ပြဿနာများက အဆိုပါနေရာမှ စလာခြင်းဖြစ်သည်။ လိုင်စင်ပေးလိုက်သည့်အလုပ်သည် မူရင်း ဟုတ် မဟုတ် မသိနိုင်သည့်အတွက် ဥပဒေစိုးမိုးရေးကိစ္စကို သေချာပေါက်ထည့်တွက်ရမည်ဖြစ်ပါသည်။
လိုင်စင်ပေးထားသည့် အကြောင်းအရာသည် မူရင်းမဟုတ်ကြောင်း သိရှိလာပြီး ထိုအကြောင်း အရာကို ဖန်တီးရန် AI ကို အားကိုးထားပါက မည်သူ့ကို တရားစွဲသင့်သနည်း။ သမားရိုးကျမူပိုင်ခွင့်၏ သတ်မှတ်ချက်အရ မူရင်းအစစ်အမှန် ဖန်တီးမှု မဟုတ်ဘဲနှင့် လိုင်စင်ရယူထားသူအား တရားစွဲဆို သင့်သည်ဟု ဆိုသည်။ သို့မဟုတ် AI ကုမ္ပဏီ (သို့မဟုတ်) သူအားကိုးအားထားပြုသည့် ကိရိယာ (tool) ကို တရားစွဲသင့်သည်လား၊ အဘယ်ကြောင့် ဆိုသော် အဆိုပါ AI (သို့) ကိရိယာ (tool) သည် လိုချင်သည့် output ထွက်ရှိရန် မူပိုင်ခွင့်ရရှိပြီးသော အကြောင်းအရာ data များကို အားကိုး၍ ထုတ်လုပ် ခဲ့ရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ပြဿနာသည် အဓိကပြဿနာဖြစ်ပြီး ရှေ့နေများ၊ ပညာရှင်များ၊ တရားသူကြီးများ၊ မူဝါဒချမှတ်သူများက မည်ကဲ့သို့ဖြေရှင်းရမလဲဆိုသည်ကို ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်နေကြရသည်။ အဆိုပါ ပြသာနာအတွက် မတူညီသည့် ဖြေရှင်းနည်းများ ရှိပါသည်။
ပထမဦးဆုံးသော ဖြေရှင်းနည်းတစ်ခုမှာ Sui generis system (သို့မဟုတ်) Sui generis right ဟုခေါ်တွင်သည့် ကျင့်ထုံးတစ်ခု သတ်မှတ်ဆောင် ရွက်ရန်ဖြစ်သည်။ လက်ရှိ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်စံပုံစံစနစ်သည် အနောက်တိုင်းပိုင်ဆိုင်မှု ဆိုင်ရာ အယူအဆအပေါ် အခြေခံထားခြင်းဖြစ်သည့် အတွက်ရိုးရာအသိပညာဗဟုသုတ (Traditional Knowledge)များကို တည်ဆဲဥပဒေစည်းမျဉ်းများဖြင့် အကာအကွယ်ပေးရန် မလွယ်ကူပါ။ Sui generis system ဆိုသည့် စနစ်တစ်ခုအောက်တွင်
အသိုင်းအဝိုင်းဉာဏပစ္စည်းပိုင်ခွင့် (Community Intellectual Right)အဖြစ် ထူးခြားစွာ အသိအမှတ်ပြု ကာကွယ်ထိန်းသိမ်းကျင့်သုံးစေခြင်းဖြစ်သည်။
တစ်ဦးတစ်ယောက်၏ မူပိုင်အဖြစ် အကာအကွယ် ပေးခြင်းမဟုတ်ဘဲ အများနှင့်သက်ဆိုင်သုံးစွဲ အကာအကွယ်ပေးသည့်စနစ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် Sui generis system ကျင့်သုံးနေသော နိုင်ငံများမှာ ကိုစတာရီကာ၊ ဖိလစ်ပိုင်၊ ပီရူး၊ ထိုင်းနှင့် ဗင်နီဇွဲလား နိုင်ငံများဖြစ်ကြသည်။ ကျင့်သုံးသည့် နိုင်ငံများက ဌာနေတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၏ အလေ့အကျင့်များ၊ ဆန်းသစ်တီထွင်မှုများ၊ ဇီဝမျိုးစုံ မျိုးကွဲများ၏ အစိတ်အပိုင်းများကို အသုံးပြုခြင်းနှင့် ဆက်စပ်သော အသိပညာများကို sui generis အခွင့်အရေးများ ဘုံသတ်မှတ်မှုအောက်တွင် အတိအလင်း အသိအမှတ်ပြု ကာကွယ်ပေးထားသလို
မျိုးရိုးဗီဇအရင်းအမြစ်များနှင့် ဇီဝဓာတုဗေဒဆိုင်ရာ ယဉ်ကျေးမှုအလေ့အကျင့် အသိပညာများအပေါ်တွင်လည်း တရားဝင် သက်ရောက်အသိအမှတ်ပြုပေးထားခြင်းဖြစ်သည်။
သီးခြားဥပဒေအောက်တွင် စဉ်းစားဆုံးဖြတ်ခြင်းပင်ဖြစ်
သီးခြားဥပဒေ အမျိုးအစားတစ်ခုအောက်တွင် စဉ်းစားဆုံးဖြတ်ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ အခြေခံအားဖြင့် AI ဖြင့် ထုတ်လုပ်ထားသော အလုပ်များကို မတူညီသော အကြောင်းအရာတစ်ခု အဖြစ် သဘောထား၍ သီးခြားဥပဒေ (သို့မဟုတ်) စီရင်ထုံးတစ်ခုပြဋ္ဌာန်းပြီး သီးသန့်စဉ်းစားလုပ်ကိုင်ရန်ဖြစ်သည်။ ယင်းကို မူပိုင်ခွင့်ဥပဒေ၏ ပါရာဒိုင်း စံပြပုံစံအတွင်း ကျရောက်နေသော အရာတစ်ခုအဖြစ် သတ်မှတ်တွေးခေါ်ရန် မဖြစ်နိုင်ပါ။ ယခု အခါ နိုင်ငံအများအပြား၌ Sui generis system စနစ်ထားရှိ သင့် - မသင့်နှင့် ပတ်သက်၍ အချေ အတင် ဆွေးနွေးနေကြသည်။ လက်ရှိ မူပိုင်ခွင့်ဥပဒေ ကို AI ဖြင့် ထုတ်ပေးသည့် လက်ရာများနှင့် အံဝင် ခွင်ကျဖြစ်အောင် ပြင်ဆင်ရန် ကြိုးစားခြင်းသည် ပြဿနာများစွာကို ဖန်တီးနိုင်သည်ဟု ယူဆသော ကြောင့်ဖြစ်သည်။ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုမှုများ အများအပြားနှင့် နိုင်ငံအများက ဟန့်တားရန် ကြိုးစားနေသည့် တရားရုံးအမှုများလည်း အများအပြား ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့ကြောင့် တင်ပြလိုသည့် အဆိုပြုချက်တစ်ခုက Sui generis system စနစ်ကျင့်သုံးရန်ဖြစ်ပါသည်။
နောက်ထပ်ဖြေရှင်းချက်တစ်ခုမှာ အဆင့်လိုက် ကာကွယ်ပေးမှုပုံစံဖြင့် ဆောင်ရွက်ရန်ဖြစ်သည်။ လူသားတစ်ဦးသည် လုပ်ငန်းတစ်ခု၊ လက်ရာတစ်ခုကို ဖန်တီးရာတွင်ဖြစ်စေ၊ data ဖန်တီးရာတွင် (သို့မဟုတ်) data ကို သင်ကြားလေ့ကျင့်ရာတွင် ဖြစ်စေ မည်မျှပါဝင်ပတ်သက်နေသည်ဆိုသည့် အပေါ်မူတည်၍ သင့်တော်သည့် အဆင့်အတိုင်း အကာအကွယ်ပေးမည့်ပုံစံဖြစ်သည်။ လက်ရာတစ်ခုခုသည် AI သက်သက်ဖြင့် ထုတ်လုပ်သည့် အလုပ် (သို့မဟုတ်) ကိုယ်တိုင်အုပ်ချုပ်စေခိုင်းခွင့် ဖြင့် AI ကို ညွှန်ကြားချက်ပေး၊ စေခိုင်းပြီး AI မှ ထုတ်ပေးသည့် အလုပ်ဖြစ်လျှင် မူပိုင်ခွင့်ဥပဒေဖြင့် အကာအကွယ်ပေးမည်မဟုတ်ဟု ဆိုလိုပါသည်။ ဤကိစ္စတွင် “မူပိုင်ခွင့်”ဟူသော အသုံးအနှုန်းကိုပင် အသုံးပြု၍မရပါ။ ဤအလုပ်ကို အကာအကွယ် မပေးနိုင်ပါ (သို့မဟုတ်) ဤလုပ်ငန်းအတွက် လိုင်စင် ကြေးပေးဆောင်စရာမလိုပါဟု ပြောရမည်ဖြစ်သည်။
အဆင့်လိုက်ကာကွယ်မှု မော်ဒယ်ဆိုသည်မှာ သတ်မှတ်ထားသည့် အဆင့်ခွဲများ ထည့်သွင်း သတ်မှတ်ရန်ဖြစ်သည်။ ဥပမာ လူသားပါဝင်မှု ၃၀ ရာခိုင်နှုန်းနှင့် စက်ပါဝင်မှု ၇၀ ရာခိုင်နှုန်းဖြစ်ခဲ့ပါက ဤ၍ဤမျှပမာဏရှိသော royalty (မူပိုင်ခွင့် အသုံးပြုခွင့်အတွက် မူပိုင်ခွင့်ပိုင်ရှင်အား ပေးဆောင်သောငွေ)ကို ပေးချေရန် (သို့မဟုတ်) အထူးအခွင့် အရေးတချို့ သတ်မှတ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ မူပိုင်ခွင့်(copyright)ဆိုသည့် စကား လုံးသည် တစ်ခုတည်းသော အခွင့်အရေး မဟုတ် ဆိုသည်ကို နားလည်ထားရန်လိုပါသည်။ မူပိုင်ခွင့် စနစ်အရ မတူညီသည့် အခွင့်အရေးမျိုးစုံ ရှိပါသည်။ ဥပမာ- ပြန်လည်ထုတ်လုပ်ပြသခွင့်၊ အလုပ်လက်ရာကို ပြန်လည်ပြင်ဆင်ထုတ်လုပ်ပိုင်ခွင့်၊ အလုပ်လက်ရာကို အများပြည်သူရှေ့တွင် ဖျော်ဖြေခွင့်၊ အလုပ်လက်ရာကို မိတ္တူကူးယူပိုင်ခွင့် စသည်ဖြင့် အလွန်ရှုပ်ထွေးသည့် နယ်ပယ်ဖြစ်သည်။ ထို့ကြောင့် အဆင့်လိုက် ကာကွယ်မှုပုံစံသည်လည်း ထည့်သွင်း စဉ်းစားရမည့်အချက်ဖြစ်ပါသည်။
နောက်ထပ် ဖြေရှင်းနည်းတစ်ခုမှာ စာချုပ်ပါ အခွင့်အရေးများနှင့် အသုံးပြုခွင့်လိုင်စင်များ အကြောင်းဖြစ်ပြီး ဆိုလိုသည်မှာ အခြေခံအားဖြင့် AI မှ ထုတ်လုပ်ဖန်တီးသည့် လက်ရာများအပေါ် မူပိုင်ခွင့်ကို စာချုပ်အရ ဆုံးဖြတ်သတ်မှတ်သင့်သည် ဖြစ်သည်။ ဥပမာအားဖြင့် အလုပ်တစ်ခုကို AI ကိရိယာ အားကိုးအသုံးပြု၍ ဖန်တီးထားပြီး အဆိုပါ အလုပ်ကို လိုင်စင်ရယူကာ ပြင်ပအဖွဲ့အစည်းတစ်ခုထံ အလုပ်လုပ်ရန်လိုပါက ထိုပြင်ပအဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး အခကြေးငွေပေးချေမှုများ၊ လိုင်စင် စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ မည်ကဲ့သို့ ခွဲဝေသတ်မှတ်ကြမည်ကို စာချုပ်ဝင်များအကြား သဘောတူညီချက်ရယူ၍ ရှင်းရှင်းလင်းလင်း စာချုပ်ချုပ်ဆိုထားရမည်ဖြစ်ပြီး ယင်းကိစ္စသည် နိုင်ငံတော်နှင့် လုံးဝမသက်ဆိုင်ပါ။ ယင်းကိစ္စသည် စေ့စပ်ညှိနှိုင်းရေးကိစ္စ၊ စာချုပ်(Contract)ကိစ္စ သက်သက်သာဖြစ်သည်။ ဥပဒေနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပါ။
လူသားများပါဝင်ပတ်သက်မှုကို အမြဲတမ်းမှတ်တမ်းတင်
နောက်ထပ် အဆိုပြုချက်တစ်ခုမှာ - သင်သည် ဖန်တီးသူဖြစ်စေ၊ ထုတ်လုပ်သူဖြစ်စေ၊ အခုမှ လုပ်ငန်းစတင်ဆောင်ရွက်မည့်သူဖြစ်စေ အကြောင်း အရာထုတ်လုပ်မှု Content Production ကို စတင်သည့်အခါ အကောင်းဆုံးနှင့် အလုံခြုံဆုံးမှာ လူသားများ ပါဝင်ပတ်သက်မှုကို အမြဲတမ်း မှတ်တမ်းတင် ထားရန်ဖြစ်သည်။ ယခုလိုပြောရခြင်း၏ အကြောင်းရင်းမှာ ရှေ့ကို အလုပ်ဆက်လုပ်မည်ဆိုပါက လူတိုင်းနီးပါး (သို့) စျေးကွက်အားလုံးနီးပါး (သို့) လိုင်စင်တိုင်းသည် လူသားပါဝင်မှုကို မဖြစ်မနေ ထုတ်ဖော်ပြသဖို့ လိုအပ်လိမ့်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မိမိထုတ်လုပ်ဖန်တီးလိုက် သည့် အကြောင်းအရာနှင့် ပတ်သက်သည့် ဖောင်တစ်ခုခုကို ဖြည့်သည့်အခါဖြစ်စေ၊ assignment form တစ်ခုခုကို ရှာသည့်အခါဖြစ်စေ၊ မိမိသည် AI ဖြင့် ထုတ်လုပ်ထားသောအလုပ်ကို အားကိုးဖန်တီး ထားခြင်း ဟုတ် မဟုတ်ကို ထုတ်ဖော်ပြောကြား စေလိုကြသည်။ ထုတ်ဖော်ပြောဆိုခြင်းအပြင်၊ စာရွက်စာတမ်း သို့မဟုတ် အထောက်အထား တစ်ခုခုပင် လိုအပ်ပါလိမ့်မည်။ ထို့ကြောင့် လုပ်ငန်း စတင်သည့် ဦးဆုံးနေ့ကတည်းက လူသားများ၏ ပါဝင်ပတ်သက်မှုကို မှတ်တမ်းတင်ထားခြင်းက ပိုကောင်းပါသည်။
ဤအရာသည် လွယ်ကူသည့် အလုပ်မဟုတ် သော်လည်း ကျွန်ုပ်တို့လုပ်နိုင်သည့်အရာဖြစ်သည်။ အထူးသဖြင့် မီဒီယာအဖွဲ့အစည်းကြီးများတွင် အလုပ်လုပ်နေကြသည့်သူများ၊ အကြောင်းအရာ ထုတ်လုပ်ရေးတွင် ကြီးကြီးမားမား ပါဝင်ပတ်သက် နေကြသူများဆိုပါက လူသားပါဝင်ပတ်သက်မှုကို မှတ်တမ်းတင်ပြီး ရှင်းလင်းသည့် စာချုပ်များကို အသုံးပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။ လက်ရှိ Media အဖွဲ့အစည်းများတွင် AI အသုံးပြုမှုနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းစေရန် နမူနာ Case များ ဖြင့် ရှင်လင်းလိုပါသည်-
Case study (1)
မေး။ တစ်စုံတစ်ဦးက ၎င်းတို့၏ ကျောင်းပညာပေးဗီဒီယိုတွင် ရုပ်ပုံ သို့မဟုတ် ကာတွန်း အများစုကို ဖန်တီးရန် Generative AI ကို အသုံးပြုခဲ့ပါက မူပိုင်ခွင့်အတွက် စိတ်ပူသင့်ပါသလား၊ အထူးသဖြင့် AI ဖြင့် ထုတ်လုပ်ထားသော အကြောင်းအရာကို လက်ရှိမူပိုင်ခွင့်ရထားသော TV အစီအစဉ်တွင် အသုံးပြုမည်ဆိုပါက မည်ကဲ့သို့ ဆုံးဖြတ်ရမည်နည်း။
ဖြေ။ ဤကိစ္စတွင် မည်သည့်ကိစ္စအကြောင်းအရာအတွက် အသုံးပြုခြင်းဖြစ်သည် ဆိုသည့်အပေါ် မူတည်လိမ့်မည်ဟု ပြောလိုပါသည်။ ပညာရေးနှင့် စီးပွားဖြစ်မဟုတ်သော ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းသက်သက်ဆိုလျှင်တော့ အဆင်ပြေပါ သည်။ အဘယ်ကြောင့်ဆိုသော် မူပိုင်ခွင့်ဥပဒေတိုင်း တွင် သင့်တင့်မျှတသော အသုံးပြုမှုခြွင်းချက်( fair use exception)ဟု လူသိများသော အရာတစ်ခု ရှိပါသည်။ ပညာရေးကဏ္ဍအတွက် ခိုင်လုံသည့် အကြောင်းပြချက်ရှိပြီး ပညာရေးခြွင်းချက်ဆိုသည် မှာ နိုင်ငံတိုင်းလိုလို၌ ရှိပါသည်။ ထို့ကြောင့် ပညာ ရေးကဏ္ဍအတွက် သီးသန့်ရည်ရွယ်ပြီး စီးပွားဖြစ် မဟုတ်ပါက သုံး၍ရပါသည်။ သို့ရာတွင် အဆိုပါ ပညာရေး video ထုတ်လွှင့်သည့် တီဗွီချန်နယ်သည် ပုဂ္ဂလိကချန်နယ်ဖြစ်ပါက ထိုအကြောင်းအရာကို အသုံးပြု၍ ပုံစံတစ်ခုခုဖြင့် ငွေရယူနေခြင်းရှိပါက မူပိုင်ခွင့်ပိုင်ရှင်သိလျှင် ပြဿနာရှိနိုင်ပါသည်။ အကြံပြုလိုသည်မှာ AI သုံးစွဲမှုကို ရာခိုင်နှုန်းလျှော့ချ ဖို့ ကြိုးစားပြီး ၆၀ ရာခိုင်နှုန်း-၇၀ ရာခိုင်နှုန်းလောက်သာ သုံးနိုင်ပါက အဆိုပါကိစ္စပြသနာ နည်းနည်းလျော့ပါးသွားမည်ဖြစ်ပါသည်။
မေး။ ထိုကဲ့သို့ဆိုလျှင် ပညာရေးဆိုင်ရာ ရုပ်သံထုတ်လွှင့်မှုအတွက် AI ကို အသုံးပြုထားခြင်းဖြစ် သည်ဟု ဖွင့်ဟဖော်ပြလျှင်ရော .....
ဖြေ။ ဤအချက်သည် အလွန်ကောင်းမွန်သောအချက်ဖြစ်ပြီး ထိုကဲ့သို့သော ရှင်းလင်းချက်မျိုးကို အသုံးပြုပါက (သို့မဟုတ်) ထိုသို့ ထုတ်ဖော်ပြောဆို ပါက ၎င်းသည် စံနှုန်းတစ်ခုဖြစ်လိမ့်မည် ဖြစ်သောကြောင့် အလွန်ကောင်းမွန်သော အလေ့အကျင့် တစ်ခုဖြစ်သည်။ ပွင့်လင်းမြင်သာမှု ဆိုသည်မှာ ထိုကဲ့သို့ အကြောင်းအရာတစ်ခုခုအပေါ်တွင် AI အသုံးပြုထားပါသည်ဟု ကြိုတင်ဖွင့်ဟထားခြင်း မျိုးဖြစ်ပြီး ထိုကဲ့သို့ ပွင့်လင်းမြင်သာစွာ ထုတ်ဖော် သည့် ကျင့်ဝတ်ဖြင့် ဖော်ပြနေသမျှ ကာလပတ်လုံး ပြဿနာမဖြစ်နိုင်ပါ။ ပြဿနာက AI မှ ထုတ်ပေးသည့် အလုပ်တစ်ခုကို AI ဖြင့် လုပ်ထားကြောင်း ဖွင့်ဟပြောကြားခြင်းမရှိဘဲ စီးပွားဖြစ်အသုံးပြု၍ ပိုက်ဆံရှာခြင်းပြုလုပ်ပါက ပြဿနာဖြစ်ပါသည်။ တရားဝင် ဖွင့်ဟဝန်ခံမှုပြုလုပ်ရန် အားပေးတိုက်တွန်းပါသည်။
Case Study - (2)
မေး။ ယခုခေတ်တွင် ကျွန်ုပ်တို့ အများစုသည် chat GPT (သို့မဟုတ်) image generator စသည့် ကိရိယာများကို အလွန်အကျွံ အသုံးပြုနေကြပြီး မေးလိုသည့်မေးခွန်းက ကျွန်ုပ်တို့၏ input များသည် ပူးတွဲစာရေးဆရာတစ်ယောက်အဖြစ် သတ်မှတ်ရန် မလုံလောက်ဘူးလား။ အထူးသဖြင့် AI ဖြင့် ရေးသားဖန်တီးထားသည့်ဆောင်းပါးကို မူပိုင်ခွင့်အကာအကွယ်ပေးခဲ့သည့် တရုတ်နိုင်ငံ၏ တရားရုံးက ခွင့်ပြုပေးသည့် နမူနာကိစ္စလိုမျိုး မဖြစ်နိုင်ဘူးလား။
ဖြေ။ ထိုသို့ဆိုပါက input(prompts) ပေးသည့် လူသားနှင့် AI ကြား၊ AI tool ကိရိယာများနှင့် ဖန်တီးသူကိုယ်တိုင်ကြား မည်သူက မည်မျှလောက် ဆိုသည့် ညွှန်ပြချက်မျဉ်းကို မည်သို့သတ်မှတ်မည်နည်း။ အဆိုပါအရာက ဖြေကြားရန်ခက်သည့် မေးခွန်းဖြစ်သည်။ ပူးတွဲရေးသားခွင့်ဆိုင်ရာ မေးခွန်းနှင့် ပတ်သက်ပြီး တရားရုံးများသည်လည်း မည်သည့် မှတ်ချက်မှ ပေးထားခြင်းမရှိသေးပါ။ လူသားတစ်ဦးကို ပူးတွဲရေးသားသူဟု ယူဆနိုင်သည်ဖြစ်စေ (သို့မဟုတ်) သင်တစ်ဦးတည်းသာ စာရေးဆရာ ဖြစ်နိုင်သည်ဟု ယူဆသည်ဖြစ်စေ သင်၏ညွှန်ကြား ချက်များ (Prompts)ပေးရာတွင် စစ်မှန်မှုရှိရမည် ဖြစ်ပါသည်။ ဖွင့်ဟထုတ်ဖော်မှုကိုသာ အသုံးပြုပါ။ မူပိုင်ခွင့်ကို ဖောက်ဖျက်ရန် မေးခွန်းက သိပ်မများ ဘူးဟု ယူဆပါသည်။ ပြဿနာက မူပိုင်ခွင့်ကို လိုင်စင် ချသည့်အခါ နောက်တစ်ကြိမ် ပေါ်လာမည်ဖြစ် ပါသည်။ သင်သည် ဆော့ဖ်ဝဲလ် (သို့မဟုတ်) AI မှ ထုတ်ပေးသည့် ဖန်တီးမှုကို အသုံးပြုမည်ဟု တွေးနေပြီး မူပိုင်ခွင့်ကာကွယ်မှု (သို့မဟုတ်) မူပိုင်ခွင့် လျှောက်လွှာကို တင်သွင်းမည်ဆိုပါက မူပိုင်ခွင့်ရုံး သည် သင့်အားထုတ်ဖော်ပြောကြားရန် သေချာ ပေါက် တောင်းဆိုမည်ဖြစ်ပြီး ၎င်းတို့က ဆက်လက် အကဲဖြတ်ဆုံးဖြတ်မည်ဖြစ်ပါသည်။
Case study- (3)
မေး။ ကျွန်ုပ်တို့ပြုလုပ်နေသည့် မှတ်တမ်းရုပ်ရှင်များတွင် AI ဖြင့်ပြုလုပ်သော ဗီဒီယိုများ ပါဝင်မည် ဖြစ်ပြီး မူပိုင်ခွင့်အကာအကွယ်ရယူရန် လျှောက်ထား မည်ဆိုပါက လောလောဆယ်တွင် စည်းမျဉ်း စည်းကမ်းမရှိသေးဟု နားလည်ပါသည်။ ဟုတ်ပါသလား။
ဖြေ။ သင့်မှတ်တမ်းရုပ်ရှင်များတွင် AI ဖြင့် ဖန်တီးထားသည့် ဗီဒီယိုအချို့ကို သုံးနိုင်သည်ဟု ထင်သော်လည်း အလုံးစုံသောအချက်မှာ ကျင့်ဝတ် ဆိုင်ရာ အပြုအမူတစ်ခုသာဖြစ်ပါသည်။ မိနစ်၂၀ မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးနေပြီး ထိုရုပ်ရှင်တွင် ၁၅ မိနစ်ကို AI ဖြင့် ဖန်တီးထားကာ သင့်ကိုယ်ပိုင် ဖန်တီးမှုမှာ ၅ မိနစ်ပဲရှိသည်ဆိုပါက ပြဿနာဖြစ်မည် ဖြစ်ပါသည်။ မိနစ် ၂၀ မှတ်တမ်းရုပ်ရှင်တွင် ၅ မိနစ် က AI ဖြင့် ဖန်တီးပြီး ကျန် ၁၅ မိနစ်က သင့်ကိုယ်ပိုင် ဖန်တီးမှုဆိုလျှင် အဆင်ပြေမည်ဖြစ်ပါသည်။ AI က ကျွန်ုပ်တို့၏ဘဝများကို ပိုမိုလွယ်ကူအောင် ပြုလုပ် ရန် ရည်ရွယ်ထားသော်လည်း အစားထိုးရန်တော့ ရည်ရွယ်၍မရပါ။ သင်၏ အကြောင်းအရာ ဖန်တီးမှု တွင် AI မှ ကြီးမားသောအစိတ်အပိုင်းအဖြစ် ပါဝင် နေပြီဆိုပါက ယင်းသည် ကျင့်ဝတ်ဆိုင်ရာ ရှုထောင့်မှ သော်လည်းကောင်း၊ တရားဥပဒေရှုထောင့်မှ သော်လည်းကောင်း ပြဿနာကြီးဖြစ်လာမည် ဖြစ်ပါသည်။
ယနေ့ခေတ်၏ အကြောင်းအရာ ဖန်တီးသူ တစ်ဦးအနေဖြင့် နောင်အနာဂတ်တွင် ပြောင်းလဲလာ မည့် စည်းမျဉ်းများအရ မိမိ၏ထုတ်လုပ်ရေးလုပ်ငန်းများ၌ ပြဿနာဖြစ်ခြင်းများမှ ရှောင်ရှားနိုင်စေရန်နှင့် မိမိကိုယ်ကိုယ် ဘေးကင်းနေစေရန်အတွက် အစပိုင်း ကတည်းက ပရိသတ်ကို ရှင်းလင်းချက်ဖြင့် အသိပေးခြင်းကို အသုံးပြုစေလိုပါသည်။ Video clip ထုတ်လုပ်ခြင်းအတွက် အံဝင်ခွင်ကျဖြစ်သော AI tool တစ်မျိုးကို အသုံးပြုထားကြောင်း ပွင့်လင်းစွာ ကြိုတင်ဖွင့်ဟ အသိပေးထားရန်ဖြစ်ပါသည်။ မူပိုင် ခွင့်ဆိုင်ရာ ပြဿနာများနှင့် ယင်းတို့ကို မည်သို့ရှောင်ရှားရမည်ဆိုသည်ကို ယနေ့ခေတ် မီဒီယာ လုပ်ငန်းတစ်ဝန်းလုံးရှိ ကျွမ်းကျင်ပညာရှင်များထံမှ အကြံပြုချက်များ (သို့မဟုတ်) အဆိုပြုချက်များကို သိရှိရန် ကြိုးစားပါ။ နိဂုံးချုပ်အနေဖြင့် အကြံပြုလိုသည်မှာ AI မှ ထုတ်လုပ်သော အလုပ်များကို မည်ကဲ့သို့ ကာကွယ်ရမည်ကို ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှု မရှိသေးကြောင်း သိထားရမည် ဖြစ်ပါသည်။ ယခုအချိန်ထိ မူပိုင်ခွင့်အကာအကွယ် ပေးမှုအတွက် လူသားများ၏ ဖန်တီးမှုသည် အခရာ ဖြစ်ပါသည်။ တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ရှေ့တန်းတင်စောင့်ကြည့်ပါ။ နိုင်ငံတကာ အဆင့် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်းထက် ပြည်တွင်းတွင် အလုပ်လုပ် နေကြခြင်းဖြစ်သည့်အတွက် ပြည်တွင်းတရားစီရင် ပိုင်ခွင့်များကို စောင့်ကြည့်မည်ဆိုပါက အထိရောက် ဆုံးဖြစ်မည်ဖြစ်ပါသည်။
Reference: Dr. Seemantani Sharma, Legal Manager, Asia-Pacific Broadcasting Union


