ကိုင်ရို နိုဝင်ဘာ ၂
အီဂျစ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ပြတိုက် Grand Egyptian Museum (GEM) ကို ယမန်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြတိုက်ကြီးကို ဆယ်စုနှစ် နှစ်ခုကြာ တည်ဆောက်ခဲ့ပြီး ၎င်း၏ ကြွယ်ဝသော အမွေအနှစ်များကို ပြသထားရှိမည်ဖြစ်သည်။
ပြတိုက်ကြီးဖွင့်ပွဲအခမ်းအနားသို့ အီဂျစ်သမ္မတ အယ်လ်စီစီ၊ နိုင်ငံခေါင်းဆောင်များ၊ တော်ဝင်မိသားစုများနှင့် အစိုးရအရာရှိများအပါအဝင် ကမ္ဘာတစ်ဝန်းမှ ကိုယ်စားလှယ် ၇၉ ဦး တက်ရောက်ခဲ့သည်။
ပြတိုက်သည် မြို့တော်ကိုင်ရို အပြင်ဘက်ရှိ ဂီဇာမြို့၌ တည်ရှိသည်။ အီဂျစ်လူမျိုးများသည် ယဉ်ကျေးမှုကို ထိန်းသိမ်းသူများဖြစ်သည့်အပြင် ငြိမ်းချမ်းရေးကိုယ်စားလှယ်များလည်းဖြစ်ကြောင်း အီဂျစ်သမ္မတ အယ်လ်စီစီက ပြောသည်။
ထို့ပြင် ပြတိုက်ဖွင့်လှစ်ခြင်းသည် ပစ္စုပ္ပန်နှင့် အနာဂတ်သမိုင်း၏ အခန်းသစ်စာမျက်နှာကို ရေးသားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
Grand Egyptian Museum ပြတိုက်ကြီးသည် အီဂျစ်ယဉ်ကျေးမှုတစ်ခုတည်းကိုသာ ပြသထားသည့် ကမ္ဘာပေါ်ရှိ အကြီးဆုံးပြတိုက်ဖြစ်သည်။
ပြတိုက်သည် စတုရန်းမီတာ ၅၀၀၀၀၀ နီးပါး ကျယ်ဝန်းပြီး နှစ်ထောင်ပေါင်းများစွာ အီဂျစ်သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းသော ရှေးဟောင်းပစ္စည်း ၁၀၀၀၀၀ ကျော်ကို စုစည်းထားရှိမည်ဖြစ်သည်။
ဘုရင် တူတန်ခမန်၏ အထင်ကရ ရွှေမျက်နှာဖုံး နှင့် ခေါင်းတလား နှစ်ခုအပါအဝင် အခြားသောပစ္စည်းများ စုစည်းထားရှိမှုတို့ကို ပြသထားမည်ဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် ၎င်း၏အုတ်ဂူကို ရှာဖွေတွေ့ရှိ ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြတိုက်ကြီး၌ ပြသခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


