နိုဝင်ဘာ ၁၃

အီကွေဒေါနိုင်ငံ၏ အကြီးမားဆုံး အကျဉ်းထောင်တစ်ခု၌ အကျဉ်းသားများအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့်  အကျဉ်းသား ၁၅ ဦးထက်မနည်းသေဆုံးပြီး အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားအကျဉ်းထောင်အုပ်ချုပ်ရေးအေဂျင်စီ အက်စ်အင်န်အေအိုင်က ပြောကြားသည်။

အဆိုပါပဋိပက္ခဖြစ်ပွားမှုသည် Guayaquil မြို့၏ အနောက်တောင်ဘက်ရှိ Litoral Penitentiary အကျဉ်းထောင်တွင် ယမန်နေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ပါဝင်သော လုံခြုံရေးတပ်ဖွဲ့က ထိုအကျဉ်းထောင်အတွင်း အကျဉ်းသားများအကြား ပဋိပက္ခဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ချက်ချင်းပင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Litoral Penitentiary အကျဉ်းထောင်တွင် ပြစ်မှုကျူးလွန်သူများ၊ မူးယစ်ဆေးရောင်းဝယ်သော အုပ်စုများနှင့် ဆက်စပ်သည့် အကျဉ်းသားများအကြား မကြာခဏပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။

၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်း  အကျဉ်းထောင်ပဋိပက္ခများဖြစ်ပွားမှုကြောင့် အကျဉ်းသားသေဆုံးသူဦးရေ ၄၀၀ ကျော်ရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို