ကွီတို ဒီဇင်ဘာ ၂၅
အီကွေဒေါနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရန် အမိန့်ထုတ်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်မှုများပြားလာခြင်းနှင့် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုကို စိုးရိမ် သည့်အတွက် ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ နှင့် ဗီဇပြောင်းကူးစက်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးကြရန်လည်း ပြည်သူများကို တိုက်တွန်းထားသည်။
အပြည်ပြည်ဆိုင်ရာတွင် ကိုဗစ်-၁၉ ကူးစက်မှုများပြားလာပြီး ဆေးရုံများတွင် ဝန်ပိလာမှုများ ဖြစ်ပေါ်နေသည့်အတွက် ယခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အီကွေဒေါနိုင်ငံသည် ဇန်နဝါရီလမှစတင်ကာ လူပေါင်း ၁၂ ဒသမ ၄ သန်းကို ကာကွယ်ဆေးအပြည့် ထိုးပေးနိုင်ခဲ့ပြီး အသက် ငါးနှစ်နှင့်အထက် တိုင်းပြည်လူဦးရေ၏ ၇၇ ဒသမ ၂၃ ရာခိုင်နှုန်းကို ပစ်မှတ်ထားကာ ကာကွယ်ဆေးထိုးပေးခဲ့ခြင်းဖြစ်သည်။
တိုင်းပြည်လူဦးရေ၏ ၈၅ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန်ရည်မှန်းထားသည်။ ဒီဇင်ဘာ ၂၂ ရက်အထိ အီကွေဒေါနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ ၅၃၉၀၃၇ ဦးရှိသည်။
ဒီဇင်ဘာ ၂၃ ရက်မှစတင်ကာ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများသို့ သွားသည့်အခါ ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်း လက်မှတ်ပြသရန် လိုအပ်လာပြီ ဖြစ်သည်။
ဆင်ဟွာ


