တီဟီရန် ဒီဇင်ဘာ ၂
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ၏ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ရေးလေ့ကျင့်မှုကို အီရန်အနောက်မြောက်ပိုင်းရှိ အရှေ့အဇာဘိုင်ဂျန် ပြည်နယ်တွင် ဒီဇင်ဘာ ၁ ရက်က စတင် ဆောင်ရွက်ခဲ့သည်။
ဆာဟန် -၂၀၂၅ ဟု အမည်ရသည့် ၎င်းစစ်ဆင်ရေးကို အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့် တပ်ဖွဲ့၏ မြေပြင်တပ်ဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ ငါးရက်ကြာမည်ဖြစ်သည်။
အရေးထားဆောင်ရွက်
၎င်းစစ်ဆင်ရေးကို အီရန်တပ်မတော်စစ်ဦးစီးအဖွဲ့၊ အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဒေသဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့မြေပြင်တပ်ဖွဲ့မှ ပြည်သူ့ဆက်ဆံရေးတာဝန်ရှိသူ ရှာရန်အက်ကာရိန်းက ပြောသည်။ အီရန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်းက အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၇၀၀၀ သေဆုံးခဲ့ရသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အရေးထားဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ယခုဆောင်ရွက်သည့် စစ်ဆင်ရေးသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများကြား ဆောင်ရွက်သည့် ဒုတိယအကြိမ်မြောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုဖြစ်သည်။ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများကြား ပထမအကြိမ် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေး လေ့ကျင့်မှုကို တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ၂၀၂၄ ခုနှစ် ဇူလိုင်လက ဆောင်ရွက်ခဲ့သည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ယူရေးရှားဒေသ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံတကာလုံခြုံရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


