ဘဂ္ဂဒက် စက်တင်ဘာ ၂၁
အီရတ်နိုင်ငံ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်သစ်တစ်ရပ်ကို စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်ကာ လက်ရှိစီးပွားရေး၏ အဓိကအားထားရာဖြစ်နေသော ရေနံထွက်ပစ္စည်းများအပေါ် မှီခိုမှုကို ၂၀၅၀ ပြည့်နှစ်အရောက်တွင် သိသိသာသာလျှော့ချရန် ရည်မှန်းထားကြောင်း ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီအာ အယ်လ်-ဆူဒါနီက အမျိုးသား ဖွံ့ဖြိုးရေးမျှော်မှန်းချက်ကို စက်တင်ဘာ ၂၀ ရက်တွင် စတင်ကြေညာခဲ့ပြီး နိုင်ငံအမျိုးသားစီးပွားရေး၏ အခြေခံအုတ်မြစ်အဖြစ် ရုပ်ကြွင်းလောင်စာများကိုသာ ဆက်လက်အားထားနေခြင်းသည် မဖြစ်နိုင်တော့ကြောင်း ထပ်လောင်းပြောကြားသည်။
အဆိုပါ မျှော်မှန်းချက်သည် အီရတ်နိုင်ငံ၏ စီးပွားရေးပုံစံများ စုံလင်စေရန်၊ ရေနံအပေါ်မှီခို အားထားမှုကို လျှော့ချရန်နှင့် ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော အစိမ်းရောင်စီမံကိန်းများမှတစ်ဆင့် ပြည်တွင်းစားနပ်ရိက္ခာ၊ ရေနှင့် စွမ်းအင်အတွက် ၇၀ ရာခိုင်နှုန်း ဖူလုံရေးကိုလည်း ရည်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဓိက စီမံကိန်းများအနက် အဲလ်ဖောဆိပ်ကမ်းနှင့် ဖွံ့ဖြိုးရေးလမ်းမကြီးစီမံကိန်းမှ အီရတ်ကို အာရှ-ဥရောပ ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းအတွက် အဓိကဗဟိုချက်နေရာဖြစ်လာစေပြီး ယင်းစီမံကိန်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ၁ ဒသမ ၅ သန်းကိုလည်း ဖော်ဆောင်ပေးနိုင်ရန် မျှော်မှန်းထားသည်။
အီရတ်ဝန်ကြီးချုပ် ဆူဒါနီက နည်းပညာဆိုင်ရာပြောင်းလဲမှုများနှင့် ဉာဏ်ရည်တုတို့သည် ကမ္ဘာ့စီးပွားရေးကို ပုံဖော်နေသည့်အချိန်တွင် အီရတ်နိုင်ငံသည် လာမည့်ဆယ်စုနှစ်များအတွင်း ရေနံအပေါ်မှီခိုမှုမှ လွတ်မြောက်ကာ စုံလင်ပြီးတည်ငြိမ်သော စီးပွားရေးစနစ်ဖြင့် ရပ်တည်နိုင်ရန် ရည်မှန်းထားသည်ဟု ပြောကြားသည်။
ဆင်ဟွာ


