အဒစ်အဘာဘာ နိုဝင်ဘာ ၁၆
အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်း၌ မားဘာ့ဂ်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (Africa CDC)က ယမန်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဗိုင်းရပ်စ်သည် အီဘိုလာကဲ့သို့ပင် ဖျားခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ ဖြစ်စေပြီး ပြင်းထန်ပါက သွေးများယိုစီးထွက်ခြင်းတို့ ဖြစ်စေကြောင်း သိရသည်။ ရောဂါလက္ခဏာများ ခံစားရသည့်ကာလသည် ၂၁ ရက်ခန့် ရှိသည်။
ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့ခြင်းမှ ကူးစက်ပြီး သေဆုံးမှုနှုန်း ၂၅ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြားရှိသည်။
အီသီယိုးပီးယားနိုင်ငံတောင်ပိုင်း၌ အဆိုပါဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ဦးကို တွေ့ရှိပြီးနောက် နှစ်ရက်အကြာတွင် နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ကိုးဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနက ပြောကြားသည်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူများကို စစ်ဆေးကြည့်ရာ မားဘာ့ဂ်ဗိုင်းရပ်စ်ဖြစ်ကြောင်း အီသီယိုးပီးယား အမျိုးသားဓာတ်ခွဲခန်းက အတည်ပြုပြောကြားသည်။
ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိကြောင်း အီသီယိုးပီးယား ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
တန်ဇန်းနီးယားနိုင်ငံ၌ ဇန်နဝါရီလအတွင်း မားဘာ့ဂ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ၁၀ ဦးသေဆုံးခဲ့ပြီး ရောဂါကူးစက်မှုသည် မတ်လတွင် အဆုံးသတ်ခဲ့သည်။
အလားတူ ရဝမ်ဒါနိုင်ငံတွင်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၁၅ ဦးသေဆုံးခဲ့သည်။
မားဘာ့ဂ်ဗိုင်းရပ်စ်အတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်ပိုးကုသဆေး မရှိသေးသော်လည်း ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းနှင့် သီးခြားလက္ခဏာများကို ကုသခြင်းသည် လူနာများ၏ အသက်ရှင်နိုင်ခြေကို ပိုမိုတိုးတက်စေနိုင်သည်။
ကိုးကား - သည်ဂါးဒီးယန်း
ဘာသာပြန် - အောင်ကျော်ကျော်


