အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၌ ကျင်းပပြုလုပ်မည် (၄၄) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု မလှဇမ္ဗူ သွားရောက်ယှဉ်ပြိုင်မည်

နေပြည်တော်   ဇူလိုင်   ၂၅

အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၌ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည့် (၄၄) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲကြီးသို့ မြန်မာအမျိုးသမီးစစ်တုရင် အသင်းမှ မလှဇမ္ဗူက မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့အိုလံပစ် စစ်တုရင်ပြိုင်ပွဲသို့ မြန်မာအမျိုးသမီးစစ်တုရင်အသင်းအနေဖြင့် ပထမဆုံး အကြိမ်အဖြစ် သွားရောက်ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ မလှဇမ္ဗူနှင့်အတူ အသင်းအုပ်ချုပ်သူ အပါအဝင် အဖွဲ့ဝင်ရှစ်ဦး လိုက်ပါမည်ဖြစ်ကာ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့သို့ ဇူလိုင် ၂၆ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မလှဇမ္ဗူသည် International School of Myanmar၌ လက်ရှိ Grade 6 တွင် ပညာဆက်လက် သင်ကြားလျက်ရှိပြီး စစ်တုရင်အားကစား စနစ်တကျ စတင်သင်ယူမှုကို ကိုဗစ်-၁၉ ကာလတွင် online ဖြင့် ကျောင်းသင်ခန်းစာများကို သင်ယူရင်း စစ်တုရင်ကို M July Chess Class တွင် တစ်ပါတည်း သင်ယူခဲ့ကြောင်း၊ ထိုအချိန်မှစ၍ စစ်တုရင်ပြိုင်ပွဲကို ဝင်ရောက်နိုင်ရန် စတင်လေ့ကျင့်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလ စစ်တုရင်ပြည်တွင်းပြိုင်ပွဲကြီးများ နားရသော်လည်း ဆက်လက်လေ့လာခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါအခြေအနေများ လျော့ကျပြီး နိုင်ငံတကာပြိုင်ပွဲတွေ စတင်ဖိတ်ခေါ်ချိန်တွင် Myanmar Online Chess Academy မှ Online နှင့် Offline ကပါ သင်တန်းများတက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ရန် Myo Naing Chess Club မှ ဆရာဦးမျိုးနိုင် (International Master, 5 times Myanmar National Chess Olympiad) တို့က အနီးကပ်ပြုစုပျိုးထောင် လေ့ကျင့်ပေးခဲ့ကြောင်း အသက် ၁၂ နှစ် အရွယ်ရှိ မလှဇမ္ဗူ က ပြောသည် ။

မလှဇမ္ဗူသည် အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်အပြင် စပိန်၊ ကိုရီးယားဘာသာစကားများကိုလည်း လေ့လာသင်ယူနေကြောင်း၊ ထို့အပြင် အားကစားနည်းများတွင် လည်း စစ်တုရင်၊ လက်ဝှေ့၊ ရေကူး၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်နှင့် ယောဂ စသည်တို့ ဝါသနာပါကြောင်း သိရသည်။

(၄၄) ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲကြီးသည် အိန္ဒိယနိုင်ငံတွင် ကျင်းပသည့် ဒုတိယ အကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

မောင်မွှေး