နယူးဒေလီ စက်တင်ဘာ ၂၈
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်၌ ပါတီလူထုစုဝေးပွဲတစ်ခုတွင် လူအုပ်ပြိုမှုဖြစ်ပွားခဲ့ရာ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။
သေဆုံးသူများအနက် ရှစ်ဦးသည် ကလေးငယ်များဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ်က တည်ထောင်ခဲ့သော နိုင်ငံရေးပါတီတစ်ခု၏ခေါင်းဆောင် ရုပ်ရှင်သရုပ်ဆောင် ဗီဂျေးအား ထောက်ခံသည့် ထောက်ခံပွဲတစ်ခုအတွင်း မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါထောက်ခံပွဲသို့ လူပေါင်း ၃၀၀၀၀ ခန့် စုဝေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ရုပ်ရှင်သရုပ်ဆောင် ဗီဂျေး မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည့် မော်တော်ယာဉ်ဆီသို့ လူအုပ်က ချဉ်းကပ်လာချိန်တွင် လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့သည်။
မတော်တဆမှုဖြစ်ပွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်နယ်အာဏာပိုင်များက ပြောသည်။
အိန္ဒိယနိုင်ငံ၌ ယခင်ကလည်း အလားတူ လူအုပ်ပြိုကျမှုများ မကြာခဏဖြစ်ပွားခဲ့သည်။ ဇန်နဝါရီလအတွင်းက ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းရှိ ဟိန္ဒူဘာသာရေးပွဲတစ်ခုတွင်လည်း လူအုပ်ပြိုကျခဲ့ရာ အနည်းဆုံး ၃၀ ခန့် သေဆုံးခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


