နိုဝင်ဘာ ၁၉

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ရှိ ကျောက်တွင်းပြိုကျမှုကြောင့်  ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိရာ ယမန်နေ့က သေဆုံးသူဦးရေ ခုနစ်ဦးအထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါကျောက်တွင်းသည် ဥတ္တရပရာဒေ့ရှ်ပြည်နယ်၏ မြို့တော်လပ်နောင်းမြို့၏ အရှေ့တောင်ဘက် ၄၁၅ ကီလိုမီတာခန့်အကွာရှိ Sonbhadra ခရိုင်၊ Billi Markundi သတ္တုတွင်းဧရိယာတွင် နိုဝင်ဘာ ၁၅ ရက်က အလုပ်သမားများ ကျောက်တွင်းအတွင်း တူးဖော်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့သည်။

တွင်းပြိုကျမှုဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၆ ရက်တွင် ရုပ်အလောင်းတစ်လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။ အမျိုးသားဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နှင့် ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့မှ ကယ်ဆယ်ရေးသမားများသည် အလောင်းငါးလောင်းကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူစ်ဦးက ပြောကြားခဲ့သည်။

တာဝန်ရှိသူများက ကျောက်တွင်းမှအပျက်အစီးများနှင့် ကျောက်တုံးများကို ရှင်းလင်းသည်အထိ ရှာဖွေရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များက ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို