နယူးဒေလီ   ဒီဇင်ဘာ   ၂၈

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၌ ရဲတပ်ဖွဲ့ဝင်များက  နှစ်သစ်ကူးကာလအတွင်း ရာဇ၀တ်မှုများအား တားဆီးနှိမ်နင်းခဲ့ရာ လက်နက်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခြင်းအပြင် ရာနှင့်ချီ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ခဲ့သည့် အဆိုပါလှုပ်ရှားမှုအတွင်း မြို့တော်အနှံ့ရှိ ပစ်မှတ်အများစုကို အဓိကထားဖမ်းဆီးခဲ့သည်။ ရဲတပ်ဖွဲ့၏ စဉ်ဆက်မပြတ်ထိန်းကျောင်းမှုနှင့် ရာဇ၀တ်မှုများကို တားဆီးစစ်ဆေးရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ယစ်မျိုးအက်ဥပဒေ၊ လက်နက်အက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် လောင်းကစားအက်ဥပဒေတို့ဖြင့် တရားခံ ၂၈၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။

ထို့ပြင် လူပေါင်း ၅၀၄ ဦးကို အကြမ်းဖက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖမ်းဆီးခဲ့ပြီး နာမည်ပျက်စာရင်းဝင်သူ  ၁၀၀  ကျော်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ   ဖမ်းဆီးမှုအတွင်း ပြည်တွင်းထုတ် ပစ္စတို ၂၁ လက်၊ ကျည်တောင့် ၂၀ နှင့် ဓား ၂၇ လက်တို့လည်း   ပါဝင်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်