အောက်တိုဘာ ၂၇
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်ရှိ ခရိုင်အများစုတွင် လာမည့် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း မန်သာ သည် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု ယူဆရသဖြင့် ယင်းဒေသတွင် အနီရောင်နှင့် လိမ္မော်ရောင်သတိပေးချက်များ ထုတ်ပြန်ထားပြီး စာသင်ကျောင်းများကို နှစ်ရက်ကြာ ပိတ်ထားကြောင်း ယနေ့တွင် တရားဝင်သတင်းရင်းမြစ်များက အတည်ပြုထုတ်ပြန်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုမတိုင်မီ အနောက်ဘင်္ဂလား၏ အရှေ့ပိုင်းနှင့် တောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်များနှင့် တမီလ်နာဒူးပြည်နယ်များရှိဒေသများတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ အထိ လေပြင်းတိုက်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အိန္ဒိယမိုးလေဝသဌာန (IMD) ထုတ်ပြန်ချက်တစ်စောင်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းရှိ ပြင်းထန်သောလေဖိအားနည်းရပ်ဝန်းသည် အောက်တိုဘာ ၂၆ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ပိုမိုအားကောင်းလာသည်ဟု ပြောကြားခဲ့သည်။ ၎င်းသည် အောက်တိုဘာ ၂၈ ရက်တွင် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း အဖြစ် ထပ်မံပြောင်းလဲသွားမည်ဖြစ်ပြီး ထိုနေ့ညပိုင်းတွင် မာချီလီပတ်နမ်နှင့် ကာလင်းပတ်နမ်ဒေသများအကြား အန်ဒရာပရာဒက်ရှ် ကမ်းရိုးတန်းကို ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်ဖွယ်ရှိကြောင်း ထိုမိုးလေဝသဌာနက ထပ်လောင်းပြောကြားသည်။
မကြာမီဖြစ်ပေါ်လာတော့မည့် ဘေးအန္တရာယ်သည် ပြည်နယ်၏ ခရိုင် ၁၅ ခုကို သက်ရောက်မှုရှိမည်ဖြစ်ပြီး ၎င်းတို့အနက် ခရိုင်ရှစ်ခုသည် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများကို ကြုံတွေ့ရဖွယ်ရှိသည်ဟု သိရသည်။
ထိုဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အတွင်း အနောက်ဘင်္ဂလားပြည်နယ်ရှိ ခရိုင်အချို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းစေမည်ဖြစ်သည်။ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း အနောက်ဘင်္ဂလားကမ်းရိုးတန်းတစ်လျှောက်နှင့် အပြင်ဘက် ပင်လယ်ရေပြင်များသို့ ထွက်ခွာခြင်းမပြုကြရန် မိုးလေဝသဌာနက ငါးဖမ်းသမားများအား အကြံပြုပြောကြားထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


