ဩဂုတ် ၂၅

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းထူထပ်သောဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် ဆက်လက်ဖြစ်ပေါ် လျက်ရှိသည့် မုတ်သုံရာသီအတွင်း မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများနှင့် ရေကြီးမှု၊ မြေပြိုမှုများကြောင့် လူပေါင်း ၃၀၃ ဦး ထက်မနည်းသေဆုံးကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ယမန်နေ့က ပြောကြားသည်။

ဇွန် ၂၀ ရက်နောက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားရာတွင် ထိခိုက်ဒဏ်ရာရရှိသေဆုံးသူ ၁၄၈ ဦးရှိရာ မိုးနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ၁၅၅ ဦးထက်မနည်းသေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပြည်နယ်တွင် လွန်ခဲ့သောနှစ်လအတွင်း ပျက်စီးမှုများပြားခဲ့ပြီး မန်ဒီနှင့် ကန်ဂရာခရိုင်များတွင် ထိခိုက်မှုအများဆုံးဖြစ်သည်ဟု ထပ်လောင်းဖော်ပြထားသည်။

အများပိုင်အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးရေးဆိုင်ရာပျက်စီးဆုံးရှုံးမှုများအပါအဝင် အိန္ဒိယရူပီး ၂၇ ဒသမ ၄၃ ဘီလီယံနီးပါးရှိကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

မုတ်သုံရာသီဆက်လက်ဖြစ်ပေါ်နေသဖြင့် သတိပေးချက်များဆက်လက်ထားရှိရန်၊ တရားဝင်ထုတ်ပြန်သော အကြံပြုချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်နှင့် မလိုအပ်ပဲခရီးသွားလာခြင်းကိုရှောင်ရှားရန် ရေဘေးသင့်ဒေသများရှိဒေသခံများအား ၎င်းအဖွဲ့က အကြံပြုထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို