အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကျရောက်နေတဲ့ ကန္တာရကျိုင်းကောင် မြန်မာနိုင်ငံမှာ လုံးဝမရှိသေးပါဘူး။ လက်ရှိဒေသအချို့မှာ တွေ့နေရတဲ့နှံကောင်တွေဟာ ပြည်တွင်းမှာ ရှိပြီးဖြစ်တဲ့ ကော်ဖီနှံကောင် အမျိုးအစားဖြစ်ပါတယ်။

ဒေါက်တာရဲတင့်ထွန်း (ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန)

 

mdn

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ သီးနှံဖျက်အားပြင်း ကန္တာရကျိုင်းကောင်များ ဝင်ရောက်မှု မရှိသေးကြောင်းနှင့် ဝင်ရောက်လာနိုင်သည့် အခြေအနေလည်း များစွာနည်းပါးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၏ ပြောကြားချက်အရ သိရသည်။

 

“အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ကျရောက်နေတဲ့ ကန္တာရကျိုင်းကောင် မြန်မာနိုင်ငံမှာ လုံးဝမရှိသေးပါဘူး။ နောက်ဆုံး သတင်းတွေအရ အိန္ဒိယနိုင်ငံ အနောက်ဘက်ခြမ်းမှာ ကျရောက်နေတဲ့အတွက် မြန်မာနိုင်ငံကို ရောက်ရှိဖို့ဆိုတာ ကီလိုမီတာ ထောင်ချီ ခရီးလာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို သဘာဝကပေးထားတဲ့ ရိုးမတောင်တန်းတွေက ကာရံထားတယ်။ ကန္တာရကျိုင်းကောင်တွေဟာ ပျံသန်းနိုင်သော်လည်း တောင်တန်းတွေကို ကျော်လွှားနိုင်ဖို့က အင်မတန် ဖြစ်နိုင်ခြေနည်းတယ်လို့ ပိုးမွှားရောဂါ ပညာရှင်တွေက သုံးသပ်ထားတဲ့ အနေအထား ရှိပါတယ်။

 

“ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက် နေတဲ့ FAO အဖွဲ့တွေနဲ့ အခြားအဖွဲ့တွေကလည်း မြန်မာနိုင်ငံကို ကန္တာရကျိုင်းကောင် ဝင်ရောက်နိုင်မှု အခြေအနေမရှိနိုင်ဘူးလို့ လက်ရှိအနေအထားမှာ သုံးသပ်ထားပါတယ်။ ဒီကျိုင်းကောင်တွေဟာ စိုစွတ်တဲ့ နေရာတွေမှာ မျိုးမပွားနိုင်ပါဘူး။ ကန္တာရဆန်တဲ့ ဒေသတွေ၊ ခြောက်သွေ့တဲ့ဒေသတွေ၊ ရေမရှိတဲ့ ဒေသတွေမှာပဲ မြေကြီးထဲမှာ ဥနိုင်တဲ့ အခြေအနေရှိတယ်။ မြန်မာနိုင်ငံလို စွတ်စိုတဲ့ဒေသမှာ ရောက်လာခဲ့ရင်တောင် မျိုးပွားနိုင်တဲ့ အနေအထား နည်းပါတယ်။ ဒါကြောင့်ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ အခုအချိန်မှာသုံးသပ်ထားပါတယ်” ဟု ဒေါက်တာ ရဲတင့်ထွန်းကပြောသည်။

 

“ဖျက်ဆီးမှုနှုန်း များစွာနည်းပါး”

 

လက်ရှိမြန်မာနိုင်ငံဒေသအချို့၌ တွေ့ရှိနေရသည့် နှံကောင်များမှာ ပြည်တွင်း၌ ရှိနေပြီးဖြစ်သည့် ကော်ဖီနှံကောင်အမျိုးအစားများဖြစ်ပြီး သီးနှံများကို ဖျက်ဆီးမှုနှုန်း များစွာနည်းပါးကြောင်း စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

 

“ ကော်ဖီနှံကောင်အမျိုးအစားတွေကို ကောလင်း၊ ဝန်းသိုဒေသတွေ၊ သံတွဲ၊ ရေကြည်၊ ငသိုင်းချောင်း နေရာတွေမှာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က မကွေးမြို့နယ် ကျူချောင်းကျေးရွာမှာ တွေ့ရတယ်။ ဒီနေ့ သတင်းအရဆိုရင် ဗန်းမော်၊ မိတ္ထီလာ ဘက်တွေမှာလည်း တွေ့ရတယ်။ ငွေဆောင် မြို့က အုန်းပင်တွေမှာလည်း ဒီလိုနှံကောင်တွေ အကောင် ၁၅၀၊ ၂၀၀ လောက် စုဖွဲ့ပြီး တွေ့ရတယ်ဆိုတဲ့ သတင်းရတယ်။ အဲဒီတွေ့ရ တဲ့ နှံကောင်အုပ်စုက မြန်မာပြည်တွင်းမှာ ရှိနေပြီးသား ကော်ဖီနှံကောင် အမျိုးအစား ဖြစ်ပါတယ်။ အဲဒီနှံကောင်တွေက ကျွန်းပင်၊ အုန်းပင်တွေမှာ ကျရောက်တတ် ပါတယ်။ သီးနှံတွေကို ဖျက်ဆီးမှုနှုန်း အင်မတန်နည်းပါတယ်။ အများဆုံးတွေ့ရတာက သစ်တောနဲ့ စိုက်ခင်းဆက်စပ်နေတဲ့ နေရာလေးတွေမှာ တွေ့ရှိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

ကန္တာရလွင်ပြင်များသို့ ရောက်ရှိလာ

 

ကန္တာရကျိုင်းကောင်များသည် အာဖရိကတိုက် အလယ်ပိုင်း၌ ပေါက်ဖွားကြပြီး ထိုမှတစ်ဆင့် ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတို့ရှိ ကန္တာရလွင်ပြင်များသို့ ရောက်ရှိလာကာ လေကြောင်းလမ်းအတိုင်း နီးစပ်ရာနိုင်ငံများရှိ သီးနှံများကို ဝင်ရောက်ဖျက်ဆီးကြကြောင်း သိရသည်။

 

“ကန္တာရ ကျိုင်းကောင်တွေကတော့ အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတတ်တယ်။ ခုဖြစ်ခဲ့တဲ့ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေမှာ စိမ်းစိမ်းမြင်သမျှ အကုန်စားတယ်ဆိုတဲ့ ပုံစံတွေ့ရတယ်။ ဒီလိုအတွေ့အကြုံမျိုး ၁၉၈၂ ခုနှစ်ကလည်း တွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ ကန္တာရကျိုင်းကောင်ဆိုပြီး အကြီးအကျယ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကလည်း ဒီလို အသိပေးကြေညာချက်တွေ ထုတ်ပြန်ဖူးပါတယ်။ သို့သော် အသိပေး ထုတ်ပြန်တာတွေ၊ စောင့်ကြည့်တာတွေ ရှိပေမယ့် မြန်မာနိုင်ငံကိုတော့ ဝင်ရောက်လာခဲ့ခြင်းမရှိပါဘူး၊ အိန္ဒိယနိုင်ငံမှာ ကျရောက်နေတယ်ဆိုတော့ အိန္ဒိယနယ်စပ်ဧရိယာတွေကို ဝင်ရောက်လာနိုင်တဲ့ အခြေအနေက အခြား တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် အများကြီးရှိပါတယ်။ ဒါကြောင့် စောင့်ကြည့် ရမယ့်ဒေသတွေအနေနဲ့ သတ်မှတ်ထားပါတယ်” ဟု ဒေါက်တာရဲတင့်ထွန်းက ပြောသည်။

 

မြန်မာနိုင်ငံ၌ ကန္တာရကျိုင်းကောင် ဖြတ်သန်းဝင်ရောက်နိုင်သည့် စောင့်ကြည့် ဒေသများအဖြစ် ရခိုင် ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ကျောက်ဖြူ၊ ချင်းပြည်နယ်တွင် တွန်းဇံ၊ ထန်တလန်နှင့် ပလက်ဝ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေရှီး၊ ဟုမ္မလင်းနှင့် တမူး၊ ကချင်ပြည်နယ်တွင် ပူတာအိုနှင့် မချမ်းဘောမြို့တို့ကို သတ်မှတ်ထားကြောင်း သိရသည်။

 

အသိပညာပေးနှိုးဆော်ထား

 

“စောင့်ကြည့်ဒေသတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိနေတဲ့ စိုက်ပျိုး ပညာပေးဝန်ထမ်းတွေကို ဗီနိုင်းပိုစတာတွေ၊ ကန္တာရကျိုင်းကောင်ရုပ်ပုံတွေနဲ့ ကြေညာပြီးတောင်သူတွေအနေနဲ့ ကန္တာရကျိုင်းကောင်လို့ သံသယရှိဖွယ်အကောင်တွေ ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရင် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်ဖို့၊ အကောင်နမူနာနဲ့ ဓာတ်ပုံ ယူလို့ရရင် ယူလာပြီး သတင်းပေးဖို့ကို အသိပညာပေး နှိုးဆော်ထားပါတယ်။ သတင်းပို့ လာမယ်ဆိုရင် ချက်ချင်းကွင်းဆင်းပြီး သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။ ကန္တာရ ကျိုင်းကောင် ဟုတ်၊ မဟုတ် စစ်ဆေးပြီးရင် သတင်းချက်ချင်းထုတ်ပြန်ပေးမှာ ဖြစ်ပါ တယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

 

“ ကန္တာရကျိုင်းကောင် တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ ကာကွယ်နှိမ်နင်းတဲ့လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းတဲ့ လုပ်ငန်းတွေအတွက် ကျွန်တော်တို့ဘက်က ကြိုတင် ပြင်ဆင်ထားတဲ့ အနေအထားတွေ ရှိပါတယ်။ ပိုးသတ်ဆေးဖျန်းကိရိယာတွေ ပိုးသတ်ဆေးတွေကို မြို့နယ်အလိုက် ဘယ်ဆိုင်တွေမှာ ရှိမလဲ၊ ဘယ်ကုမ္ပဏီတွေမှာ ရှိမလဲဆိုတာ တွေကို ကြိုတင်စာရင်း ကောက်ယူထားတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ပိုးသတ်ဆေးကို ဒေသတွေအရေက် ပို့ပေးတဲ့လုပ်ငန်းတွေကို စီစဉ်ထားတယ်။ အရေးပေါ် လိုအပ်လာမယ်ဆိုရင်လည်း အထူးကိစ္စရပ်အနေနဲ့ ပိုးသတ်ဆေးတွေကို တင်သွင်းခွင့်ပြုပြီး ချက်ချင်း ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ။

 

“ကန္တာရကျိုင်းကောင်တွေဟာ အဆင့် ၅ ဆင့်နဲ့ ပြောင်းလဲသွားပြီး မျိုးပွားဖို့ အကောင်ကြီးအရွယ် ရောက်သွားတဲ့အဆင့်မှာ ဖျက်ဆီးမှုနှုန်းက နှေးသွားတယ်။ ကျန်တဲ့ အဆင့် ၄ ဆင့်မှာ ဖျက်ဆီးစားသောက်နိုင်တဲ့ အနေအထားရှိတယ်။ ငယ်တဲ့အဆင့်မှာပဲ ပိုးသတ်ဆေးနဲ့ နှိမ်နင်းလို့ ထိရောက်တယ်။ ကျန်တဲ့ အဆင့်မှာတော့ ထိရောက်မှုမရှိဘူး။ သူတို့ကို နှိမ်နင်းတဲ့နေရာမှာ ဓာတုဆေးဝါးကို အသုံးပြုတဲ့ နည်းလမ်း၊ ဇီဝဗေဒနည်းလမ်း၊ Biology Control လို့ခေါ်တဲ့ နည်းလမ်း၊ Manual နည်းလမ်းတွေနဲ့ အားလုံးစုပေါင်းပြီး နှိမ်နင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်။

 

စိတ်ပူစရာ လုံးဝမရှိ

 

“အခုလောလောဆယ်မှာ တောင်သူ တွေအနေနဲ့ စိုးရိမ်မှုမလွန်ကဲပါနဲ့။ ကိုယ်စိုက်ပျိုးထုတ်လုပ်မယ့် သီးနှံတွေကို ပုံမှန်လုပ်ရမယ့် လုပ်ငန်းတွေမှာ အရည်အသွေးကောင်းဖို့၊ သီးနှံထုတ်လုပ်မှုတွေ မြင့်မားဖို့ ကိုပဲ အာရုံစိုက်ပြီး ဆောင်ရွက်သွားစေချင်ပါတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ ကန္တာရကျိုင်းကောင် ကျရောက်လာမယ်ဆိုရင် ချက်ချင်းအသိပေးကြော်ငြာတဲ့ လုပ်ငန်းကို မြန်နိုင်သမျှမြန်အောင် ဆောင်ရွက်ပေးပါမယ်။ တောင်သူတွေအနေနဲ့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ ပြောကြားလိုပါတယ်။ တကယ်ဝင်ရောက် လာခဲ့ရင် အားလုံးစုပေါင်းအားနဲ့ပဲ ကာကွယ် နှိမ်နင်းမှရမှာ ဖြစ်ပါတယ်။ အခုအချိန်ထိ စိတ်ပူစရာ လုံးဝမရှိပါဘူး။ ကန္တာရ ကျိုင်းကောင်ကို စိုးရိမ်ပူပန်မှုကင်းစွာနဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်ကြဖို့ ပြောချင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ပြောသည်။

 

ကန္တာရကျိုင်းကောင်၏ သက်တမ်းမှာ သုံးလမှ ငါးလအထိရှိပြီး အုပ်စုလိုက် တစ်နေ့လျှင် မိုင်သုံးဆယ်မှ မိုင်ခြောက်ဆယ်အထိ ပျံသန်းနိုင်ပြီး သီးနှံမျိုးစုံကို စားသောက် ဖျက်ဆီးတတ်ကြောင်း သိရသည်။

 

သတင်းအင်တာဗျူး-မျိုးမင်းနိုင်

ဓာတ်ပုံ- မျိုးသူဟိန်း