အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် မော်တော်ယာဉ် (၁၀) စီး ပေးအပ်လှူဒါန်း

 
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် TATA အမျိုးအစား မော်တော်ယာဉ် (၁၀) စီးကို ယနေ့ မွန်းလွဲသုံးနာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပေးအပ်လှူဒါန်းခဲ့သည်။ 
 
 
အခမ်းအနားတွင် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri က မော်တော်ယာဉ်များ လှူဒါန်းရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ပြောကြားရာတွင် “ဒီနေ့ အခမ်းအနားဟာ JMC လုပ်ငန်းကို အထောက်အကူ ပြုဖို့ရန်အတွက် မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းခြင်းပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးပြီးတဲ့အချိန်မှာ JMC ဟာ အလွန်အရေးပါတဲ့ အဖွဲ့အစည်းအနေနဲ့ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ JMC အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လိုအပ်တဲ့ အရင်းအမြစ်တွေ ရှိဖို့လိုပါတယ်။ အဲ့ဒီလို လိုချက်တွေကို ကျွန်တော်တို့အနေနဲ့ အခုလို ကူညီထောက်ပံံ့ပေးခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးရန်အတွက်လည်း ကျွန်တော်တို့ အိန္ဒိယနိုင်ငံအနေနဲ့ အထောက်အကူပြုပါမယ်ဆိုကို ကျွန်တော်ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။ 
 
 
မြန်မာနိုင်ငံလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့ကြရာတွင် အိန္ဒိယသမ္မတနိုင်ငံသည် သက်သေနိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ 
 
 
ထို့နောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက JMC-U ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ(၂) တို့ထံ TA TA မော်တော်ယာဉ်ကားသော့နှင့် မော်တော်ယာဉ်များအား လွှဲပြောင်းပေးအပ်ပြီးနောက် JMC-U ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံ သံအမတ်ကြီးထံ ဂုဏ်ပြုကျေးဇူးတင်လွှာ မှတ်တမ်းနှင့် အထိမ်းအမှတ် လက်ဆောင်များအား ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယဥက္ကဋ္ဌ (၂) အရပ်သားကိုယ်စားလှယ် သူရဦးဘိုနီတို့က အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးအား မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 
 
 
JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “မကြာသေးမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ် လာရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံ သမ္မတကြီးက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားပေးထောက်ခံပြီး ဆက်လက်အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ JMC ကော်မတီဝင်များအနေဖြင့် လူထုတွေ့ဆုံပွဲများ၊ စိစစ်အတည်ပြုရေး စသည့်လုပ်ငန်းများနှင့် JMC အဆင့်ဆင့်၏ နေ့စဉ်လုပ်ဆောင်နေသည့် လုပ်ငန်းများတွင် ယခုလှူဒါန်းသည့် မော်တော်ယာဉ်များက များစွာအထောက်အကူပြုမည် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အားပေးထောက်ခံခြင်း၊ JMC ၏ လိုအပ်ချက်များအပေါ် ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းများအတွက် JMC ကိုယ်စားကျေးဇူတင်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။ 
 
 
ယနေ့ကျင်းပသည့် အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၂) နှင့် JMC အဆင့်ဆင့်မှ ကော်မတီဝင်များ၊ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Vikram Misri နှင့် အဖွဲ့ဝင်များ၊ သီးခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
 
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ကို NCA ပါသဘောတူစာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။  JMC သည် ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ၅ ခုနှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) ၂ ခုကို ဖွဲ့စည်းပြီး JMC လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ JMC သည် NCA ပါ သဘောတူညီချက် လုပ်ငန်းများအား လက်နက်ကိုင် အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြည့်နိုင်ရေးအတွက် ပဋိပက္ခ နယ်မြေဒေသများတွင် ဒေသခံအရပ်သား စောင့်ကြည့်သူများ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
 
ရဲခေါင်ညွန့်