ဩဂုတ် ၂၈
အိန္ဒိယထိန်းချုပ်ထားသော ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဘုရားကျောင်းအနီး ဩဂုတ် ၂၆ ရက်ကဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း သေဆုံးသူဦးရေ ၃၀ ကျော်သွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က အတည်ပြုခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဆေးရုံအသီးသီးတွင် ကုသမှုခံယူသူဦးရေ ၂၀ ကျော်ရှိသည်ဟု သိရသည်။
အဆိုပါမြေပြိုမှုသည် မိုးအဆက်မပြတ်ရွာသွန်းနေချိန် ဘုရားကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုဖြစ်ပွားပြီးနောက် ဘုရားကျောင်းသို့သွားမည့်ဘုရားဖူးခရီးစဉ်များ ရပ်နားထားခဲ့ရသည်။
ထိုဘုရားကျောင်းအနီး ကတ်ထရာဒေသသို့အသွားအပြန်ပြေးဆွဲသောရထားခရီးစဉ်များဖျက်သိမ်းခဲ့ရသဖြင့် ကတ်ထရာဒေသတွင် ကျန်ရှိနေသောဘုရားဖူးအများအပြား ပိတ်မိနေခဲ့ကြောင်း သိရသည်။
အိန္ဒိယထိန်းချုပ်ထားသော ဂျမူးနှင့် ကက်ရှ်မီးယားဒေသအများစုတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားခဲ့သည်။ လမ်းများနှင့် တံတားအများအပြား မျောပါသွားပြီး တာဝီမြစ်ပေါ်ရှိ တံတားတစ်စင်း ပြိုကျခဲ့ကြောင်း ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြထားသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒေသအများအပြားတွင် ၃၆ နာရီကျော်ကြာ ဓါတ်အားပြတ်တောက်ခဲ့သည်။ မိုဘိုင်းလ်နှင့် အင်တာနက်ဝန်ဆောင်မှုများကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


