နေပြည်တော် ဖေဖော်ဝါရီ ၂၁

အိန္ဒိယတပ်မတော်မှ မြန်မာ့တပ်မတော်သို့ လှူဒါန်းသော COVISHIELD ကိုဗစ်၁၉ကာကွယ်ဆေး doses တစ်သိန်းတင်ဆောင်လာသော မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ခရီးစဉ်အမှတ် HM-621 လေယာဉ်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှ ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) လေယာဉ်ဖြင့် ရောက်ရှိလာသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်မှ တာဝန်ရှိသူများက လေဆိပ်တွင် လွှဲပြောင်းလက်ခံရယူသည်။

ထိုသို့ ရောက်ရှိလာသော COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် (10 doses per Vial ထုပ်ပိုးမှုပုံစံ) ဆေး အလုံးရေ ၁၀၀၀၀ ဆေးလုံးအရေအတွက် ရေခဲဖော့ပုံ (Thermocol Boxes) ၂၀ အလေးချိန် ၄၀၀ ကီလိုဂရမ် ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျှင် လူ ၁၀ ယောက် ထိုးနိုင်ပြီး လူဦးရေ doses တစ်သိန်းအတွက်ဖြစ်ကြောင်း သိရသည်။

ယနေ့ညပိုင်းတွင် ရန်ကုန်မြို့လေဆိပ်သို့ ရောက်လာသောဆေးများကို အအေးလမ်းကြောင်းမပျက် မော်တော်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ နယ်မြေခံ ဆေးသိုလှောင်ရေးတပ်(စတိုခွဲ)သို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်