တီဟီရန်  စက်တင်ဘာ  ၇

အီရန်နိုင်ငံနှင့် နိုင်ငံတကာအဏုမြူ စွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)တို့သည် ပူးပေါင်းဆောင်ရွက်မှု ပြန်လည်စတင်ရေး  မူဘောင်သစ်တစ်ရပ်အပေါ် သဘောတူညီမှုရရှိရန်   အလွန်နီးကပ်နေပြီဟု   အီရန်နိုင်ငံခြားရေးဝန်ကြီး   ဆေယက် အဘတ်စ်အာရဂ်ချီက စက်တင်ဘာ ၆ ရက်တွင် ပြောသည်။

တီဟီရန်မြို့၌ ကျင်းပသည့် ညီလာခံတွင်   အီရန်နှင့် ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် အိုင်အေအီးအေတို့အကြား    အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအပေါ် ယခုလို မှတ်ချက်ချပြောဆိုခဲ့ခြင်းဖြစ်သည်။၎င်းသိရှိရသလောက် အီရန်နှင့် အိုင်အေအီးအေတို့အကြား ကောင်းမွန်သည့် ဆွေးနွေးညှိနှိုင်းမှုရှိပြီး  ပူးပေါင်းဆောင်ရွက်မှု မူဘောင်သစ်ရရှိရန် အလွန်နီးစပ်နေပြီဟု အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ 

အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ခြေ ရှိမရှိနှင့်ပတ်သက်၍လည်း စေ့စပ်ညှိနှိုင်းသူများမှတစ်ဆင့်  နှစ်နိုင်ငံကြား သတင်းစကားများ  ဖလှယ်ခဲ့ကြောင်း    ၎င်းက   ဆက်ပြောသည်။

ဘုံအကျိုးစီးပွားနှင့် အပြန်အလှန်လေးစားမှုအပေါ်အခြေခံသည့် ဆွေးနွေးညှိနှိုင်းမှုမျိုးအတွက် အမေရိကန်ဘက်မှအသင့်ဖြစ်လာပါက  ဆွေးနွေးမှုများ ပြန်လည်စတင်ရန် အသင့်ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက  ဆက်လက်ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ၎င်းတို့၏ (၆)ကြိမ်မြောက် သွယ်ဝိုက်သော နျူကလီးယားဆွေးနွေးပွဲကို   ဇွန် ၁၅ ရက်က အိုမန်နိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း  ဇွန် ၁၃ ရက်တွင်   အစ္စရေးတို့က အီရန်နျူကလီးယား  စက်ရုံအချို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကို ဆိုင်းငံ့ထားခဲ့သည်။

ဆင်ဟွာ