ဖြူး ၁ မတ်
တောင်ငူခရိုင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဖြူး)တွင် မတ် ၁ ရက်နေ့ နံနက် ၁၀ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့က သင်တန်းဆင်း အမှာစကား ပြောကြားကြပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဖြူး)၏ ကျောင်းအုပ်ကြီး ဒေါ်မြမြသင်းက သင်တန်းတွင်ပို့ချခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူ (၂) ဦးနှင့် ဒုတိယ၊ တတိယရရှိသူတို့အား ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သင်တန်းဆင်းကျောင်းသူများ၏ လက်ရာများအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၇)တို့အား ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)တွင် သင်တန်းသူ(၄၄)ဦး၊ အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ် (၇)တွင် သင်တန်းသူ (၁၇) ဦး တက်ရောက်သင်ကြားခဲ့သည်။
ဟိန်းထက်(ပဲခူး)


