နေပြည်တော် ၉ ဇွန်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထွက်ခဲ့ပြီ။ မြန်မာတစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးရှိသည့်အနက် ၂၆၇၆၉၆ ဦး အောင်မြင်ကြသည်။ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံးရရှိသူများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူများ စသည့် ထူးချွန်သူများလည်း နှစ်စဉ်ကဲ့သို့ပင် ပေါ်ထွက်လာသည်။
တက္ကသိုလ်ဝင်စာမေးပွဲသည် ကျောင်းသူ ကျောင်းသားတို့အတွက် အရေးပါသည့် ဘဝတစ်ကွေ့ ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ဖြေဆိုသူ ကျောင်းသူ ကျောင်းသားများကရော မိဘများကပါ ဂုဏ်ထူးများများ၊ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်လိုကြသည်။ မိသားစုအနေအထားအရ တတ်နိုင်လျှင် တတ်နိုင်သလို၊ အခြေအနေပေးလျှင် ပေးသလို သားသမီးတို့ ပညာရေးအတွက် ပုံကြအောကြ မြေတောင်မြှောက်ပေးကြသည်။ ရည်မှန်းချက်အတိုင်း ပေါက်မြောက် အောင်မြင်သွားကြသည်များ ရှိသလို မှန်းချက်နှင့် နှမ်းထွက်မကိုက်သူ၊ အရင်းအနှီး ကြီးခဲ့သော်လည်း ထင်သလောက် မပေါက်ခဲ့သူများလည်း ရှိကြသည်။ သည့်အပြင် ပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့ရပြီး ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြရသူများ၊ ဘဝ ကံကြမ္မာ မျက်နှာသာမပေးသည့်ကြားမှ ထူးချွန်ကြသူများလည်း တက္ကသိုလ်ဝင်တန်းကို အောင်အောင်မြင်မြင်၊ မြင့်မြင့်မားမား ကျော်လွှားနိုင်ခဲ့ကြသည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်လိုခြင်းသည် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူလိုခြင်းကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် တက္ကသိုလ်ကို ဆက်လက်တက်ရောက်လိုခြင်းကြောင့်ဖြစ်သည်။ အောင်မြင်သူတို့က ၎င်းတို့၏ အရည်အချင်းအလိုက် တက္ကသိုလ်ပညာရေးကို ရွေးချယ်သင်ယူကြလိမ့်မည်။ ဖြေဆိုသူအားလုံး၏ သုံးပုံနှစ်ပုံမကသော ရှုံးနိမ့်သူတို့ အဖို့မူ တက္ကသိုလ်ဝင်စာမေးပွဲသည် ဘဝတစ်ကွေ့အတွက် အရေးပါသည် ဆိုသည့်တိုင် တစ်ဘဝလုံးစာအတွက် အဆုံးအဖြတ်တစ်ခု မဟုတ်ဆိုသည်ကို နှလုံးသွင်းနိုင်ကြဖို့ပင် ဖြစ်သည်။ ပညာရေးလမ်း ဆုံးသွားခြင်း၊ သင်ယူရန် အခွင့်အလမ်း ကင်းမဲ့သွားခြင်း၊ ဘဝပျက်သွားခြင်း မဟုတ်သည်ကို စဉ်းစားဆင်ခြင်နိုင်ကြဖို့လည်း လိုသည်။ ယခုတစ်ကြိမ် စာမေးပွဲ ကျရှုံးသူများ နောက်တစ်ကြိမ်တွင် အောင်မြင်အောင် ကြိုးစားဖြေဆို ကြရုံသာ။ နောက်တစ်ကြိမ်မအောင်မြင်လျှင် နောက်တစ်ကြိမ်စသည်ဖြင့် “ဘုရင်ကြီးနှင့် ပင့်ကူကလေးပုံပြင်” ကဲ့သို့...။
စကော့တလန်ဘုရင်ကြီး ရောဘတ်ဘရုစ်သည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ ပညာဉာဏ်ကြီးမားသူဖြစ်သည်။ တစ်ခါသော် အင်အားနည်းပါးလှသည့် သူ့တပ်ဖွဲ့ကလေးကို ဦးဆောင်၍ အင်္ဂလန်ပြည့်ရှင်၏ အင်အားကြီးတပ်ဖွဲ့ကြီးကို ရင်ဆိုင်တိုက်ခိုက်ရာမှ ရှုံးနိမ့်၍ အသက်ဘေးအလို့ငှာ ထွက်ပြေးတိမ်းရှောင်ရင်း တောတွင်းရှိ ဂူတစ်ခုထဲတွင် ပုန်းအောင်းနေရသည်။ ထိုအခါ ဂူ၏မျက်နှာကြက်တွင် အိမ်ဖွဲ့နေသည့် ပင့်ကူလေးတစ်ကောင်ကို သူမြင်မိသည်။ ပင့်ကူသည် ဂူမျက်နှာကြက်မှ အကြိမ်ကြိမ် ပြုတ်ကျခဲ့သလို အကြိမ်ကြိမ်ပြန်တက်ခဲ့ပြီး ပင့်ကူအိမ်ကို အောင်မြင်ပြီးမြောက်သည်အထိ တည်ဆောက်ခဲ့သည်ကို ဘုရင်ကြီးတွေ့ရပြီး သင်ခန်းစာ ယူသည်။ သည့်နောက် သူ၏နောက်လိုက်သူရဲကောင်းများကို ပြန်လည်စုစည်းပြီး အင်္ဂလန်ဘုရင့်တပ်များကို ထပ်မံတိုက်ခိုက်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူ မအောင်မြင်သည့်တိုင် ပင့်ကူကလေး၏ထုံးကို သူနှလုံးမူခဲ့ပြီဖြစ်ရာ အကြိမ်ကြိမ် ပြန်လည်တိုက်ခိုက်ပြီး ထီးနန်းကို ပြန်လည်ရရှိခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲကဲ့သို့ပင် ဘဝတွင် အကြိမ်ကြိမ်ရှုံးနိမ့်မှုများ ရှိနိုင်သည်သာပင်။ အဓိကမှာ အောင်စိတ်ကိုမွေးပြီး အဖန်တလဲလဲ ကြိုးစားအားထုတ်နိုင်စွမ်း ရှိဖို့ပင်ဖြစ်သည်။ ပညာရေးတွင်လည်း တက္ကသိုလ်ပညာရေးသည် မိမိအတွက် အခြေအနေမပေးသည့် အနေအထားတွင် ရှိလာပါက အသက်မွေးဝမ်းကျောင်းပညာရေး (Vocational Education) ကို ရယူနိုင်ရန် အားထုတ်ဖို့ တိုက်တွန်းလိုသည်။ အသက်မွေးဝမ်းကျောင်းပညာရေးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့လာသင်ယူခြင်းဖြင့် ဘဝတွင် အဆင့်အတန်းမြင့်မားစွာ တက်လှမ်းနိုင်သည့် သာဓကများ မြန်မာတွင်ရော ကမ္ဘာတွင်ပါ အထင်အရှားရှိနေပါကြောင်း။ ။
မြန်မာ့အလင်း


