နေပြည်တော် ဒီဇင်ဘာ ၂

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ကျောက်ပန်းတောင်း လမ်းပိုင်းအတွင်း စုတည်ဘူတာနှင့် တောင်ဇင်းဘူတာအကြား သံလမ်းပြေးယာဉ် RGC 103 ဖြင့် ရထားလမ်းပိုင်းအား ယနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် သွားရောက်စစ်ဆေးစဉ် မိုင်တိုင် ၃၈၁/၁၅-၁၆ ကြား ပေ ၂၀ အရှည်ရှိ သံပေါင်တံတား အမှတ် (၁၅၇) အနီးတွင် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်းအရှေ့ဘက်ခြမ်း သံလမ်းဖိနပ် တစ်ပေခန့် ပဲ့ထွက်ပျက်စီးခြင်းနှင့် ဇလီဖားသုံးတုံး ကျိုးပဲ့နေကြောင်းတွေ့ရှိရသဖြင့် စုတည်-တောင်ဇင်း ရထားလမ်းပိုင်းအား နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။ 

 

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာ ရထားလမ်းနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် နယ်မြေရှင်းလင်း စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအားအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သံလမ်းအား ဖြတ်တောက်လဲလှယ်၍ အစားထိုးတပ်ဆင်ခြင်း၊ လမ်းပြုပြင်ခြင်းများကို အမြန်ဆုံးပြုပြင် ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်တွင် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားကြန့်ကြာမှုမရှိကြောင်းနှင့် လမ်းပိုင်းအတွင်း အပတ်စဉ်ပြေးဆွဲလျက်ရှိသည့် ရန်ကုန်-ပုဂံ အမှတ် (၆၁) အဆန် လူစီးရထားနှင့် အမှတ် (၆၂) အစုန် ပုဂံ-ရန်ကုန် လူစီးရထားများ ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း ၈၃ ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း ၁၇၉ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၆ ကြိမ် ကျူးလွန်ခဲ့ကြပြီး နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အအုံများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်