အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ စက်တင်ဘာ ၂၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၇)မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ငါးဂိုး-နှစ်ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မက်ဒရစ်ဒါဘီအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ပွဲစဉ်မှာ အိမ်ရှင်အဖြစ် ဧည့်ခံကစားခဲ့ရတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း ပွဲကစားချိန် ၁၄ မိနစ်မှာ ရိုဘင်လီနော်မန်က တစ်ဂိုး၊ ပထမပိုင်း ပွဲကစားချိန်အပြီး နာကျင်အချိန်ပို သုံးမိနစ်မှာ ဆော်လော့က တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၅၁ မိနစ် (ပင်နယ်တီ)နဲ့ ၆၃ မိနစ်တို့မှာ အယ်လ်ဗာရက်ဇ်က နှစ်ဂိုး၊ သာမန်ပွဲကစား ချိန်အပြီး နာကျင်အချိန်ပို သုံးမိနစ်မှာ ဂရစ်ဇ်မန်းက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဧည့်သည်အဖြစ် လာရောက်ကစားခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကိုတော့ ပထမပိုင်းပွဲကစား ချိန် ၂၅ မိနစ်မှာ အမ်ဘတ်ပီကတစ်ဂိုး၊ ၃၆ မိနစ်မှာ ဂူလာက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အခုလို အက်သလက်တီကိုမက်ဒရစ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ငါးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ နှစ်ပေါင်း ၇၅ နှစ်နီးပါးကြာမြင့်ချိန်မှာ မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို ငါးဂိုးသွင်းယူနိုင်ခဲ့တာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ဒါ့ပြင် အက်သလက်တီကိုမက်ဒရစ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို အနည်းဆုံးငါးဂိုးအထိ သွင်းယူနိုင်ခဲ့တာဟာ မက်ဒရစ်ဒါဘီမှာ လေးကြိမ်မြောက်ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် နိုဝင်ဘာလမှာ အက်သလက်တီကိုမက်ဒရစ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ခြောက်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့တာဟာ နောက်ဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းအတွက်တော့ ယခုဘောလုံးရာသီမှာ စပိန်လာလီဂါ အဖွင့်ပွဲစဉ်ခြောက်ပွဲအထိ အနိုင်ရရှိခဲ့ပြီး ပွဲစဉ်(၇)မှာ မြို့ခံပြိုင်ဘက်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ ယခုဘောလုံးရာသီအတွင်း ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း စပိန်လာလီဂါမှာ ငါးဂိုးအထိ ခွင့်ပြုပေးလိုက်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဘာစီလိုနာအသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့််ခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေး ဇယား ဒုတိယနေရာက ဘာစီလိုနာအသင်းကို နှစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ပေမယ့် အဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလနောက်ပိုင်း စပိန်လာလီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ် - ရေးသားသည်


