၃  သြဂုတ်


ချောကလက်ကို လူအများစု ကြိုက်နှစ်သက်ကြသလို အချိုမကြိုက်တဲ့သူတွေလည်း ရှိကြပါတယ်။ အဖြူရောင် နို့ချောကလက်၊ အညိုရောင် ချောကလက်နဲ့ အနက်ရောင် အခါးအရသာရှိတဲ့ ချောကလက်ဆိုပြီး မျိုးစုံရှိပါတယ်။ ဒီနေ့မှာတော့ လူတွေသိပ်မစားတတ်ကြတဲ့ အနက်ရောင် ချောကလက်ခါးခါးရဲ့ အသားအရေနဲ့ အလှအပဆိုင်ရာ ကျန်းမာရေးကောင်းကျိုးတွေကို ဝေမျှပေးချင်ပါတယ်။


အနက်ရောင် ချောကလက်ဆိုတာ ဘာလဲ။


အနက်ရောင် ချောကလက်ကို ကိုကိုးပင်ကနေတစ်ဆင့် ပြုလုပ်ထားတာဖြစ်ပြီး ခါးသက်တဲ့ အရသာရှိပါတယ်။ တခြားချောကလက်နဲ့ မတူတဲ့ အရသာကြောင့် လူတွေ မကြိုက်နှစ်သက်ကြပေမယ့် အနက်ရောင်ချောကလက်ဟာ ဆံသားနဲ့ အရေပြားအလှအပကို ကောင်းကျိုးများစွာ ဖြစ်စေတဲ့အပြင် ကိုယ်ခန္ဓာကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။


အနက်ရောင်ချောကလက်ကို စားပေးလို့ ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ။


၁။ Antioxidant တွေ ပေါကြွယ်ဝလို့ အသားအရေကို နူးညံ့လှပလာစေတယ်။ အရွယ်တင်နုပျိုစေတယ်။ အရေပြားကို ဝင်းမွတ်တောက်ပလာစေနိုင်ပါတယ်။


၂။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်။ နေပူလောင်တာ၊ အရေပြားကင်ဆာ တချို့ကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။


၃။ တစ်နေ့ကို အနက်ရောင်ချောကလက် တစ်တုံး ပုံမှန်စားပေးခြင်းဖြင့် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစေပြီး နူးညံ့ချောမွေ့လာစေတယ်။ စိုစိုပြေပြေလေးနဲ့ အသားအရေ အဆီပြန်တာ၊ ခြောက်သွေ့တာမျိုး မဖြစ်စေပဲ သဘာဝအတိုင်း အစိုဓာတ် ထိန်းပေးထားနိုင်ပါတယ်။


၄။ ကဖင်းဓာတ်ပါဝင်လို့ ချွေးပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ အရေပြား အပေါ်ယံမှာ ကျန်နေတဲ့ ဆဲလ်အသေတွေကို ကွာကျစေပြီး အသားအရေကို ပြန်လည် ကျန်းမာတောက်ပလာစေနိုင်ပါတယ်။


အနက်ရောင် ချောကလက်ရဲ့ ဆံသားဆိုင်ရာ အကျိုးကျေးဇူးတွေ။


၁။ ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားတွေကို ကျန်းမာစေတယ်။ အရောင်တောက်ပလာစေတယ်။ ဒါ့အပြင် ဆံသားကျွတ်တဲ့ ပြဿနာကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။


၂။ ဆံသားကို တောက်ပြောင်ချောမွေ့စေပြီး ဆံပင်ကို အုံထူစေတယ်။ ဆံသား မပျက်စီးစေဖို့နဲ့ မပါးစေဖို့ ကာကွယ်ပေးနိုင်တယ်။


၃။ ဦးရေပြား မှိုစွဲတာ၊ ဗောက်ထတဲ့ ပြဿနာကို လျော့နည်းစေတယ်။ ဦးရေပြား ယားယံတာမျိုးလည်း မဖြစ်စေပါဘူး။


ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ။


၁။ Antioxidant တွေဟာ အလှအပအတွက်သာမက နှလုံးကျန်းမာရေးကိုပါ ကောင်းကျိုး များစွာဖြစ်စေနိုင်တယ်။ အရွယ်မတိုင်ခင် အိုမင်ရင့်ရော်မှုကို တားဆီးပေးနိုင်လို့ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။


၂။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ ဆီးချိုရောဂါသည်တွေ ပုံမှန်စားပေးလို့ အဆင်ပြေပါတယ်။


၃။ အနက်ရောင်ချောကလက်ကို ပုံမှန်စားပေးခြင်းဖြင့် နှလုံးနဲ့ သွေးလွှတ်ကြောထဲမှာ ရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တယ်။


၄။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေတယ်။ ဦးနှောက်ထဲက စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုနှုန်းကို မြှင့်တင်ပေးနိုင်လို့ စိတ်ကို ရွှင်လန်းပြီး လန်းဆန်းတက်ကြွစေပါတယ်။


၅။ ရုတ်တရက် သတိလစ်တာ၊ ဦးနှောက်သွေးကြောပြတ်တာ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။


၆။ အာဟာရချို့တဲ့သူတွေမှာ တွေ့ရတတ်တဲ့ သွေးအားနည်းရောဂါကို ကုသဖို့နဲ့ ဝေဒနာသက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။


၇။ အမြင်အာရုံကို ကြည်လင်စေတယ်။ မျက်စိမှုန်တဲ့ ကလေးတွေ၊ မျက်စိအားနည်းတဲ့ ကလေးတွေ၊ ကွန်ပျူတာရှေ့မှာ အထိုင်များပြီး အလုပ်လုပ်နေရသူတွေအတွက် မျက်စိအားဆေးစာ အဖြစ် စားသုံးပေးနိုင်ပါတယ်။


၈။ သွေးတိုးရောဂါရှင်တွေ၊ သွေးပေါင်ချိန် အတက်အကျ မြန်တဲ့သူတွေ စားပေးသင့်ပြီး သွေးပေါင်ချိန်ကိုလည်း ပုံမှန်အတိုင်းဖြစ်စေပါတယ်။


၉။ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ ကျန်းမာရေးလိုက်စားသူတွေ၊ အားကစား ပုံမှန်လုပ်သူတွေ၊ ကိုယ်အလေးချိန် ထိန်းညှိလိုသူတွေအတွက် အချိုနည်းပြီး အခါးဓာတ်အရသာကဲတဲ့ အနက်ရောင်ချောကလက်ဟာ အကောင်းဆုံးပါပဲ။


၁၀။ သက်လုံကောင်းစေတယ်။ အမောခံနိုင်ရည်တိုးစေတယ်။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ကျန်းမာပြီး သန်စွမ်းစေပါတယ်။

ရေးသားသူ - Ye Myo Myat


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”