ရန်ကုန် ဒီဇင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းကျင်းပသော အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆုပြိုင်ပွဲ (၂၀၂၅) တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့် ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် ပရောဂျက်များ ခင်းကျင်းပြသပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများမှ နာယကများ၊ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့် အိုင်စီတီ စွမ်းရည်ဆု ပြိုင်ပွဲ(၂၀၂၅) တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့်ပြိုင်ပွဲ မှတ်တမ်း Video Clip ကို ပြသသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အိုင်စီတီစွမ်းရည်ဆု ပြိုင်ပွဲ(၂၀၂၅) တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ ဗဟိုအဆင့် ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြ သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ခင်းကျင်းပြသထားသည့် ဆုရပရောဂျက်များကို ကြည့်ရှုအားပေးကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ် ပြည်လမ်းပြည်သူ့ရင်ပြင်ရှေ့နှင့် ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်း ဆူးလေမှတ်တိုင်တို့၌ ဆောင်ရွက်သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသူ နိုင်ငံသားအားလုံး ပါဝင် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကမ်ပိန်းသို့ တက်ရောက်ကြပြီး ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ၊ YBS ယာဉ်များနှင့် ပြည်သူများအား “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


