နေပြည်တော် ၂၀ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးတွင် ဘယ်ဂျီယံနိုင်ငံမှ မျိုးရင်းကြက် မွေးမြူထုတ်လုပ်ရေးလုပ်ငန်း၊ တရုတ်နိုင်ငံမှ Contract Farming စနစ်ဖြင့် စပ်မျိုးစပါးများ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ဟောင်ကောင်မှ CMP စနစ်ဖြင့် စက်ထိုးအထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကိုရီးယားနိုင်ငံမှ စက်မှုဇုန် (Industrial Complex) တည်ထောင် လည်ပတ်ခြင်းလုပ်ငန်း (အဆင့်-၁)၊ ဟောင်ကောင်မှ ၉၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ထိုင်းနိုင်ငံမှ လက်လီလက်ကား ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် စင်ကာပူနိုင်ငံမှ လက်လီရောင်းဝယ်ခြင်းနှင့် ကုန်သိုလှောင်မှုလုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့သည်။
အထက်ပါလုပ်ငန်း(၇) မှ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၁၈၂ဒသမ၆၂၉) သန်း ရှိပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၅၇၂) ဦး ဖန်တီးပေးနိုင်မည် ဖြစ်သည်။
သတင်းစဉ်


