ဝေါ ၂၈ ဖေဖော်ဝါရီ
အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ငွေကြေးအကျိုးခံစားခွင့် ပေးအပ်ခြင်းအခမ်းအနားကို ဝေါမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်က လူမှုဖူလုံရေးရပိုင်ခွင့်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးမြို့နယ်လူမှုဖူလုံရေးရုံတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဝေါမြို့နယ် လျှပ်စစ် အင်နီယာရုံးမှ အာမခံအလုပ်သမား ဦးညီညီအောင် ၏ အလုပ်တွင် ထိခိုက်သေဆုံးမှု အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၅၄)သိန်းတိတိအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ က သေဆုံးသူ၏ဇနီးဖြစ်သူ ဒေါ်ဝင်း ထံသို့ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်လက်ခံရရှိသည့် အာမခံအလုပ်သမား၏ မိသားစုကိုယ်စား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မိုးဦး က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ ငွေကြေး အကျိုးခံစားခွင့် အလုပ်တွင် ထိခိုက်မှုအတွက် နာရေးစရိတ်(၇၅၀၆၀ဝ)ကျပ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်(၅၄)သိန်းကျပ် စုစုပေါင်း ငွေကျပ် ၆၁၅၀၆၀ဝ အား ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


