ရန်ကုန် ဒီဇင်ဘာ ၁၄

 

အများပြည်သူပိုင်လုပ်ငန်း အစုအဖွဲ့အဖြစ် လုပ်ကိုင်ရင်း (၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်အထိ ၂၇ နှစ်တာကာလအတွင်း နိုင်ငံတော်သို့ အခွန်ငွေကျပ်သိန်း ၄၄၉၄၀ ကျော် ပေးသွင်းထားပြီးဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စုလီမိတက်ဥက္ကဋ္ဌ ဦးရွှေကြိုင်က ပြောသည်။

 

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက ပြုလုပ်သော (၂၇)ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ အစည်းအဝေးတွင် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ်ချုပ်နှင့် စာရင်းစစ် အစီရင်ခံစာ ဖတ်ကြားခြင်း၊ အတည်ပြုခြင်း၊ စာရင်းစစ်အဖွဲ့အား ဆက်လက်ခန့်ထားခြင်း၊ ဒါရိုက်တာအဖွဲ့သစ် ရွေးချယ်ဖွဲ့စည်းအတည်ပြုခြင်း၊ အစုရှယ်ယာရှင်များက မေးမြန်းဆွေးနွေးခြင်းတို့ ဆောင်ရွက်သည်။

 

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအုပ်စု လီမိတက်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ စက်မှုလုပ်ငန်းရှင်၊ ကုန်သည်၊ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူ စသည့် လူတန်းစားအလွှာ အသီးသီးမှ အစုရှယ်ယာရှင်များအဖြစ် ပါဝင်ကြကြောင်း၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ အစိုးရပိုင် စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်အရ အင်းစိန်ရွာမ သံမဏိစက်ရုံကို ပုဂ္ဂလိကသို့ စတင်လွှဲပြောင်းခဲ့ရာမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်အများစုပါဝင်သော ရှယ်ယာရှင်များဖြင့် ပုဂ္ဂလိကအစုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ် မေလတွင် နိုင်ငံတော်၏လိုအပ်ချက်အရ ရွာမသံမဏိစက်ရုံကို ပြန်လည်လွှဲပြောင်းခဲ့ရသဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သော အစုအဖွဲ့ပျက်ပြားမသွားစေရန် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အများပြည်သူတို့အား ရှယ်ယာများ ဖိတ်ခေါ်၍ ဆက်လက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိုထက်