၂၂ ဇူလိုင်

 

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်သည် ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတစ်ခုတွင် ပတ်သက်နေသည့် ဂျပန်နှင့် တောင်ကိုရီးယားသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်သည်။ ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်အတွင်း ဂျွန်ဘော်လ်တန်သည် အီရန်နိုင်ငံနှင့် အရှိန်မြှင့်လာသော တင်းမာမှုများကိစ္စရပ်ကို ဆွေးနွေးဖွယ်ရှိသည်။

 

ဂျွန်ဘော်လ်တန်သည် အာရှနှစ်နိုင်ငံသို့ ထွက်ခွာသွားပြီဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိ သူ ဂါရတ်မာကွစ်က ဇူလိုင်လ ၂၀ ရက်တွင် တွစ်တာ၌ ရေးသားခဲ့သည်။ ဂျွန်ဘော်လ်တန်သည် စစ်ပွဲကာလ အလုပ် သမားအငြင်းပွားမှု၊ ဂျပန်နိုင်ငံ၏ ပို့ကုန်အဟန့်အတားများနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံနှင့် ဆိုးရွားလာသော ဆက်ဆံရေးကို ဂျပန်တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။ အငြင်းပွားမှုတွင် ကြားဝင်စေ့စပ်ပေးလိုသည့် ဆန္ဒရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အရိပ်အမြွက်ပြောကြားခဲ့သည်။

 

အီရန်နိုင်ငံနှင့်ပတ်သက်၍ သဘောထားတင်းမာသူတစ်ဦးအဖြစ် လူသိများသည့် ဘော်လ်တန် က ဟော်မုဇ် ရေလက်ကြားအတွင်း လုံခြုံမှုရှိလာစေရန် အမေရိကန်က အဆိုပြုထားသော ညွန့်ပေါင်းတပ်ဖွဲ့တွင် ပါဝင်ခြင်းရှိ မရှိ ဂျပန်တာဝန်ရှိသူများကို မေးမြန်းဖွယ်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်