၁၈ ဇွန်

အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်တွင် ၁၀ ရက်ကြာ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ၃၇၇၆၅ ဧကအထိ တောမီးပျံ့နှံ့ခဲ့ပြီး ယင်းလောင်ကျွမ်းမှုကို ယခုချိန်ထိ ခြောက်ရာခိုင်နှုန်းသာလျှင် ထိန်းချုပ်ဟန့်တားနိုင်သေးကြောင်း အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

Woodbury အမည်ရှိ အဆိုပါ တောမီးလောင်ကျွမ်းမှုသည် ထိုပြည်နယ်၏ မြို့တော် ဖီးနစ်စ် ၏ အရှေ့မြောက်ဘက် ၉၀ ကီလိုမီတာ အကွာ တွန်တိုအမျိုးသားသစ်တော်တွင်  ယခုထိလောင်ကျွမ်းနေဆဲဖြစ်ကြောင်း  အင်စီဝက်ဘ် ( inciWeb ) နောက်ဆုံးသတင်းဖော်ပြချက်အရ သိရသည်။

ဇွန်လ ၈ ရက်နေ့က စတင်ကာ အရှိန်ပြင်းစွာလောင်ကျွမ်းခဲ့သည့် တောမီးကို မီးသတ်သမား ၇၄၇ ဦးဖြင့် ငြှိမ်းသတ်နေကြကြောင်း၊ ရာသီဥတုဆိုးရွားမှု၊ မြက်တောရှည်ပြီး ချုံထူခြင်းတို့ကြောင့် ယခုလကုန်ပိုင်းတွင် ထိုတောမီးလောင်ကျွမ်းမှုအားလုံး  မီးငြိမ်းသတ်နိုင်ရန် မီးသတ်သမားများ အဖို့ အခက်အခဲရှိကြောင်း အင်စီဝက်ဘ် (inciWeb) တွင် ဖော်ပြထားသည်။

မီးခိုးလုံးများ ဖွာထွက်နေသည်ကို အဝေးက မြင်ရသော်လည်း လူနေထိုင်ရာရပ်ကွက်များထိတိုင် တောမီးလောင်ကျွမ်းခြင်းကူးစက်မှု မရှိကြောင်း မီးဘေးဆိုင်ရာ စီမံခန့်ခွဲမှုအသင်း မှ Pamela Mathis ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသန္တရ ကေတာ သတင်းဌာန 92.3 FM လိုင်းက ထုတ်လွှင့်ခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို