ဝါရှင်တန် ဩဂုတ် ၃၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်လွှတ်တော်က ခွင့်ပြုထားသည့် နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကို ဖျက်သိမ်းရန် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း သမ္မတထရမ့်က အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်ထံ ပေးစာဖြင့် အကြောင်းကြားခဲ့သည်။

ရန်ပုံငွေ ၃ ဒသမ ၂ ဘီလီယံကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအတွက် ရည်မှန်းထား ကြောင်း သိရသည်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏လုပ်ငန်းစဉ်လည်ပတ်မှုကို လက်ရှိတွင် ရပ်ဆိုင်းထားသည်။

ထို့ပြင် ယူနက်စကိုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ဒေါ်လာ ၅၂၁ သန်းနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများအတွက် ဒေါ်လာ ၃၉၃ သန်း ခွဲဝေသုံးစွဲမှုများလည်း   ပါဝင်သည်။

သမ္မတထရမ့်က တရားဝင်သိမ်းဆည်းမှု ထိန်းချုပ်ရေးအက်ဥပဒေနှင့်အညီ ၎င်း၏အခွင့်အာဏာကို သုံးကာ ရန်ပုံငွေသုံးစွဲခွင့်ကို ဖျက်သိမ်းခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းသည် သမ္မတ၏ “အမေရိကန်သည်သာ ပထမ” ဟူသည့် မူဝါဒကို ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

သမ္မတထရမ့်၏  ရန်ပုံငွေဖျက်သိမ်းရန် ကြေညာချက်ကြောင့် အမေရိကန်ပြင်ပ အကူအညီပေးရေးလုပ်ငန်းများအပေါ် မည်မျှ အကျိုးသက်ရောက်နိုင်မည်လဲဆိုသည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ရီပတ်ဘလီကန်အမတ်တစ်ဦးက ကွန်ဂရက်၏ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ရန်ပုံငွေဖျက်သိမ်းမှုအပေါ် ဝေဖန်ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်