ဝါရှင်တန် နိုဝင်ဘာ ၆
အမေရိကန်ပြည်ထောင်စု၌ လက်ရှိအစိုးရ၏လုပ်ငန်းယန္တရားများ ရပ်တန့်ထားရှိမှုသည် လာမည့်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီအတွက် အနုတ်လက္ခဏာဆောင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အစိုးရလုပ်ငန်းယန္တရားများ ရပ်တန့်ထားမှုသည် ၃၆ ရက်သို့ ရောက်ရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ သမိုင်းတွင် အရှည်ကြာဆုံးဖြစ်ကာ သက်ရောက်မှုများစွာ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အတည်ပြုရန် ထပ်မံပျက်ကွက်
လွှတ်တော်အတွင်းရှိ ဒီမိုကရက်တစ်များက အစိုးရယန္တရားများကို ပြန်လည်လည်ပတ်နိုင်စေရန် စိတ်ဝင်စားခြင်းမရှိကြောင်းနှင့် အထက်လွှတ်တော်က နိုဝင်ဘာ ၄ ရက်တွင် ရန်ပုံငွေဥပဒေကြမ်းကို အတည်ပြုရန် ထပ်မံပျက်ကွက်ခဲ့ကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။
လက်ရှိအစိုးရယန္တရား ရပ်တန့်မှုကာလသည် ၃၆ ရက်သို့ ဝင်ရောက်ခဲ့ပြီး ထရမ့်၏ယခင်သမ္မတ သက်တမ်းအတွင်း ဖြစ်ပွားခဲ့သည့် အစိုးရယန္တရား ရပ်တန့်မှုကာလထက် ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်လတွင် လေယာဉ်ခရီးစဉ်ပေါင်း သောင်းနှင့်ချီ နှောင့်နှေးခဲ့ရပြီး နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် လေကြောင်းခရီးစဉ် ၃၀၀၀ နီးပါး နှောင့်နှေးခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါကာလအတွင်း ထရမ့်အစိုးရက ဖက်ဒရယ်လုပ်သားအင်အားကို ဖြတ်တောက်ထားသည်။ အစိုးရဝန်ထမ်း ၄၀၀၀ ကျော်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ၆၅၀၀၀၀ ခန့်ကို လစာမဲ့ခွင့်ပေး ထားကြောင်း လွှတ်တော်ဘတ်ဂျက်ရုံးက ပြောသည်။
ရီပတ်ဘလီကန်ပါတီနှင့် ဒီမိုကရက်တစ်တို့အကြား သဘောတူညီမှုတစ်ရပ်ရရှိရန် ကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း အမေရိကန်နိုင်ငံရေး ကျွမ်းကျင်သူ ကီယိုတက္ကသိုလ် ပါမောက္ခဝတ်တန် နာဘီယာဆူရှီက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


