ဂျေရုဆလင် စက်တင်ဘာ ၃
အမေရိကန် လေကြောင်းလိုင်းဖြစ်သည့် ဒယ်တာလေကြောင်းလိုင်းသည် အစ္စရေးသို့ ပြန်လည်ပျံသန်းပြေးဆွဲမှုများ စတင်ပြီဖြစ်သည်။ နယူးယောက် ဂျွန်အက်ဖ်ကနေဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပျံတက်လာသည့် ဒယ်တာလေကြောင်းလိုင်းမှ လေယာဉ်သည် အစ္စရေးနိုင်ငံ တဲအဗစ် မြို့အနီးရှိ ဘင်ဂူရီယန်လေဆိပ်တွင် စက်တင်ဘာ ၂ ရက်က ဆင်းသက်ခဲ့သည်။
အစ္စရေးနှင့် အီရန်အကြား ၁၂ ရက်ကြာ ပဋိပက္ခဖြစ်ပွားမှုစတင်ပြီးနောက် ဇွန် ၁၃ ရက်မှစတင်ကာ ဒယ်တာလေကြောင်းလိုင်းသည် အစ္စရေးသို့ လေယာဉ်ပြေးဆွဲမှုများကို ရပ်နားထားခဲ့သည်။ ဒယ်တာလေကြောင်းလိုင်းသည် ပြောင်းလဲလာသည့် လုံခြုံရေးပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး လုံခြုံရေးဆိုင်ရာလမ်းညွှန်မှုများအပေါ် အခြေခံ၍ လုပ်ငန်းစဉ်များကို အကဲဖြတ်လျက်ရှိကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
ယူနိုက်တက် လေကြောင်းလိုင်းသည် ဇူလိုင်လအတွင်း အစ္စရေးသို့ လေယာဉ်ပျံသန်းပြေးဆွဲမှု ပြန်လည်စတင်ပြီးနောက် ဒယ်တာလေကြောင်းလိုင်းသည် အစ္စရေးနိုင်ငံသို့ လေယာဉ်ပျံသန်းပြေးဆွဲမှုပြန်လည်စတင်သည့် ဒုတိယမြောက် အမေရိကန်လေကြောင်းလိုင်းဖြစ်လာသည်။
အမေရိကန်၏ နောက်ထပ် အဓိကလေကြောင်းလိုင်းတစ်ခုမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပဋိပက္ခဖြစ်ပွားသည့်အချိန်မှစတင်ကာ အစ္စရေးသို့ လေယာဉ်ပြေးဆွဲမှုကို ရပ်နားထားကြောင်း၊ ပြန်လည်ပြေးဆွဲမည့် ရက်ကိုလည်း ကြေညာထားခြင်းမရှိသေးကြောင်း သိရသည်။
ဆင်ဟွာ


