ဒီဇင်ဘာ ၁၂
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် လူ ၂၅၀ ကျော်ကို သီးခြားခွဲထားရကြောင်း ဒေသခံကျန်းမာရေးအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
တောင်ကယ်ရိုလိုင်းနား ပြည်သူ့ကျန်းမာရေးဌာနက သောကြာနေ့မှစ၍ ဝက်သက်ရောဂါဖြစ်ပွားသူ ၂၇ ဦးထပ်မံတွေ့ရှိခဲ့ရာ Upstate ဒေသတွင် ကူးစက်သူစုစုပေါင်း ၁၁၁ ဦးအထိ ရှိလာခဲ့သည်ဟု ပြောကြားသည်။
အဆိုပါရောဂါထပ်မံကူးစက်မှုအများစုသည် တောင်ကယ်ရိုလိုင်းနား၏ အနောက်မြောက်ပိုင်း Spartanburg ကောင်တီရှိ ဘုရားကျောင်းတစ်ခုနှင့် ဆက်စပ်လျက်ရှိကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
ထိုရောဂါကူးစက်မှုအများစုသည် ကာကွယ်ဆေးမထိုးထားသော ကလေးများတွင် ဖြစ်ပွားခဲ့ပြီး ကူးစက်မှုဖြစ်ပွားသူ ၁၁၁ ဦးအနက် ၁၀၅ ဦးသည် ကာကွယ်ဆေးမထိုးရသေးသူများဖြစ်ကာ တစ်ဦးသည် ကာကွယ်ဆေးထိုးထားပြီးဖြစ်ကြောင်း အေဂျင်စီက အတည်ပြုခဲ့သည်။ နောက်ထပ် သုံးဦးသည် တစ်စိတ်တစ်ပိုင်း ကာကွယ်ဆေးထိုးထားသည်ဟု သိရသည်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနက ယခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝက်သက်ရောဂါဖြစ်ပွားမှု ၁၉၁၂ မှုရှိကြောင်း ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဖော်ပြထားသည်။ ထိုဖြစ်ပွားသူအများစုသည် ကာကွယ်ဆေးမထိုးထားသော ကလေးများနှင့် ဆယ်ကျော်သက်များဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


