ဝါရှင်တန် စက်တင်ဘာ ၁၇
အမေရိကန်နည်းပညာကုမ္ပဏီဖြစ်သည့် Oracle က နိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသည့် တစ်တော့ အက်ပလီကေးရှင်းကို ကြီးကြပ်ကိုင်တွယ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံအတွင်း တစ်တော့အက်ပလီကေးရှင်း၏ လုပ်ငန်းလည်ပတ်မှု ၈၀ ရာခိုင်နှုန်းကို Oracle နည်းပညာကုမ္ပဏီ ဦးဆောင်သည့် အမေရိကန် ရင်းနှီးမြှုပ်နှံသူအဖွဲ့က ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်အစုရှယ်ယာများကို တရုတ်အစုရှယ်ယာရှင်များက ဆက်လက်ထိန်းထားမည် ဖြစ်သည်။
အဆိုပါ သဘောတူညီချက်၏အသေးစိတ်အချက်အလက်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့က တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးသွားဖွယ်ရှိသည်။
ပြီးခဲ့သည့်နှစ်က အမေရိကန်ကွန်ဂရက်မှ အတည်ပြုခဲ့သော ဥပဒေတွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအတွင်း အသုံးပြုသည့် တစ်တော့အက်ပလီကေးရှင်း၏ ပိုင်ဆိုင်မှုကို ၂၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ခွင့်မပြုကြောင်း ဖော်ပြထားသည်။
အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးအရာရှိများက စက်တင်ဘာ ၁၅ ရက်တွင် စပိန်နိုင်ငံ၌ ကုန်သွယ်ရေးဆွေးနွေးပွဲကို ဆွေးနွေးခဲ့ကြသည်။
အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး စကော့ဘတ်ဆန့်က အမေရိကန်နိုင်ငံအတွင်း လည်ပတ်သည့် တစ်တော့အက်ပလီကေးရှင်း၏ လုပ်ငန်းလည်ပတ်မှုအတွက် နှစ်ဖက်ဆွေးနွေးမှုသည် သဘောတူညီမှု မူဘောင်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
တစ်တော့အက်ပလီကေးရှင်း နိုင်ငံအတွင်း အသုံးပြုခွင့်သက်တမ်းကို သမ္မတထရမ့်က ဒီဇင်ဘာ ၁၆ ရက်အထိ သက်တမ်းတိုးခဲ့သည်။ အဆိုပါသက်တမ်းတိုးမြှင့်ခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


