ကွာလာလမ်ပူ   အောက်တိုဘာ   ၂၆

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘန့်ဆန့်နှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းတို့သည်  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ယမန်နေ့က တွေ့ဆုံပြီး   နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ အပြန်အလှန်စည်းကြပ်ခွန်များ သိသိသာသာဖြတ်တောက်ကာ စေ့စပ်ညှိနှိုင်းမှုများကို ဆောင်ရွက်နေစဉ် အဆိုပါဆွေးနွေး ပွဲထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို နိုဝင်ဘာ ၁၀ ရက်တွင် အပြီးသတ်ဆွေးနွေးရန် ရည်မှန်းထားသည်။

ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံက မြေရှားသတ္တုတင်ပို့မှုအပေါ် ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သွင်းကုန်များအပေါ် ထပ်ဆောင်းအခွန် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ရန် ခြိမ်းခြောက်မှုဖြင့် တန်ပြန်ခဲ့သည်။

အမေရိကန်ပဲပုပ်များကို တရုတ်နိုင်ငံအနေဖြင့် ပိုမိုတင်သွင်းရန် အမေရိကန်က မျှော်လင့်ထားသည်။

တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုအပေါ်အခွန် အကောက်အစီအမံများနှင့်  ကန့်သတ်ချက်များကို ဖယ်ရှားရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ဟီလီဖန်းက ပြောကြားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် အမေရိကန်-တရုတ် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဆိုပါကိစ္စရပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်သဘောတူညီမှုရရှိနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်