ဝါရှင်တန် ဩဂုတ် ၂၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က သည်ဟိတ်မြို့ရှိ နိုင်ငံတကာရာဇဝတ်ခုံရုံးမှ နောက်ထပ်အရာရှိလေးဦးအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကြောင်း ကြေညာသည်။
အဆိုပါ တရားသူကြီးနှစ်ဦးနှင့် အစိုးရရှေ့နေ နှစ်ဦးတို့၏ အမေရိကန် ပြည်ထောင်စုတွင်ရှိသော ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းအပါအဝင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ယမန်နေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်နိုဝင်ဘာလတွင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဂါဇာကမ်းမြောင် အရေးနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂေါလန့်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့သည်။
ယင်းသို့ ဖမ်းဝရမ်းထုတ်ခြင်းကြောင့် အထက်ပါအရာရှိလေးဦးအနက် သုံးဦးအား ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ အာဖဂန်နစ္စတန်ရှိ အမေရိကန်ဝန်ထမ်းများအား နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့သည့် အတွက် ကျန်တစ်ဦးကို ဒဏ်ခတ်အရေးယူခြင်းဖြစ်သည်။
နိုင်ငံတကာရာဇဝတ်ခုံရုံး၏ လုပ်ရပ်များသည် အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံတို့အပေါ် အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဝေဖန်ပြောကြားသည်။
ဖေဖော်ဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာရာဇဝတ်ခုံရုံးကို ပိတ်ဆို့အရေးယူရန် ခွင့်ပြုသည့် အမိန့်စာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် ဂျပန်နှင့် ပါလက်စတိုင်းတို့အပါအဝင် အဖွဲ့ဝင် ၁၂၅ နိုင်ငံရှိသော်လည်း အမေရိကန်နှင့် အစ္စရေးတို့က အဖွဲ့ဝင်နိုင်ငံများ မဟုတ်ပေ။ ဂျပန်တရားသူကြီး အန်ကာ နီတိုမိုကိုသည် ရာဇဝတ်ခုံရုံး၏ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


