ရန်ကုန် စက်တင်ဘာ ၃၀
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံး ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ်(၉)ကို စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဆက်လက်ကျင်းပရာ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီ အသင်းတို့ သရေကျခဲ့သဖြင့် အား/ကာသိပ္ပံအသင်း နိုင်ပွဲရယူပြီး ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည် နိုင်ခဲ့သည်။
ပွဲစဉ်(၉)တွင် အား/ကာသိပ္ပံအသင်းက မြဝတီအသင်းကို နှစ်ဂိုး- ဂိုးမရှိ၊ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို လေးဂိုး-တစ်ဂိုး၊ YREO အသင်းက Young Lionesses အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး သစ္စာအားမာန်အသင်းနှင့် ဧရာဝတီအသင်း နှစ်ဂိုးစီ သရေကျခဲ့သည်။ သစ္စာအားမာန်-ဧရာဝတီ ပွဲအနိုင်ရသည့်အသင်းမှာ ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည် နိုင်မည်ဖြစ်သော်လည်း သရေကျခဲ့သဖြင့် အား/ကာသိပ္ပံအသင်းက ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ပထမအကျော့အပြီးတွင် ဇယားထိပ်ပိုင်းမှ အသင်းများ အမှတ်ကွာဟမှုမရှိဘဲ အသင်းလေးသင်း အပြိုင်ဖြစ်နေသည်။
ပထမအကျော့အပြီးတွင် အား/ကာသိပ္ပံ အသင်းက ၁၉ မှတ်၊ သစ္စာအားမာန်အသင်းနှင့် ဧရာဝတီ အသင်းက ၁၈ မှတ်စီ၊ ရန်ကုန်ယူနိုက်တက်အသင်းက ၁၇ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၃ မှတ်၊ YREO အသင်းက ကိုးမှတ်၊ Young Lionesses အသင်းက ခြောက်မှတ်၊ မြဝတီအသင်းက သုံးမှတ်၊ ရန်ကုန်စီးတီးအသင်းက အမှတ်မရသေးပေ။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MWL


