နေပြည်တော် ၂၃ ဖေဖော်ဝါရီ 
    

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးကော်မတီ (Committee on the Elimination of Discrimination against Women – CEDAW) ၏ (၇၂) ကြိမ်မြောက် လုပ်ငန်းအဖွဲ့ အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံမှ တင်သွင်းသည့် သီးခြားအစီရင်ခံစာနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကော်မတီအကြား ဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပပြုလုပ်သည်။ 
    

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များနှင့် ဂျီနီဗာအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် CEDAW ကော်မတီ၏ လုပ်ငန်းများကို အလေးထား ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသည် CEDAW ကော်မတီ၏ တာဝန်သိ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေဖြင့် သီးခြားအစီရင်ခံစာကို တင်သွင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံတွင် ကျား/မခွဲခြားမှုမရှိဘဲ အမျိုးသမီးများအား တန်းတူအခွင့်အရေး ပေးအပ်ထားသော နိုင်ငံဖြစ်ကြောင်း၊ 


ယခုအခါ မြန်မာနိုင်ငံသည် အကောင်းဆုံးအချိန်တစ်ခုကို ရောက်ရှိနေသကဲ့သို့ ဖြေရှင်းရမည့်  ပြဿနာများစွာကို ရင်ဆိုင်နေရသော အချိန်လည်းဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးနှင့် ပတ်သက်၍လည်း နိုင်ငံတကာအသိုက်အဝန်းက အာရုံစိုက်မှုများရှိလာကြောင်း၊ မြန်မာအစိုးရအနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကို အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် မှတ်ယူ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ကျားမတန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများ စွမ်းပကားမြင့်မားရေး ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသော ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်း (၇) ဖွဲ့ ပါဝင်ဖွဲ့စည်းထားပြီး အမျိုးသားအဆင့်ယန္တရားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
 

အမျိုးသမီးများအား တရားဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်ရေး ခိုင်မာအားကောင်းစေရန်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ ပဋိပက္ခများကို တားဆီးနိုင်ရေးနှင့် တုံ့ပြန်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၇)ရက်တွင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း။
 

မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၇) ရက်တွင် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထူးအစီအစဉ်များဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေပါကြောင်း။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်ရာတွင်  လူမှုပေါင်းစည်းရေးကို အဓိကကဏ္ဍတစ်ရပ်အနေဖြင့် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆာအကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဖြစ်ပွားလာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များနှင့် ယင်းနှင့် ဆက်စပ်သော ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန်၊ တာဝန်ရှိမှုကို စုံစမ်းဖော်ထုတ်ရန်နှင့်  ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရရှိစေရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပေးရန်ရည်ရွယ်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး အဆိုပါကော်မရှင်မှ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များနှင့် စပ်လျဉ်းသည့် သက်သေနှင့်အထောက်အထားများကို လက်ခံစုဆောင်းလျက်ရှိပြီး ခိုင်လုံသော အထောက်အထားများရရှိပါက တရားစွဲဆို အပြစ်ပေးနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
 

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ရာတွင် ပြည်ထောင်စုသဘောတူစာချုပ်ပါ သဘောတူညီချက်နှင့်အညီ လူမျိုး၊ ဘာသာ၊ ကျား/မ၊ မသန်စွမ်းသူဟူ၍ ခွဲခြားမှုမရှိဘဲ လူသားအားလုံး၏ အခွင့်အရေးကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုရင်ဆိုင်နေရသော  အခက် အခဲများကို ကျော်လွှားပြီး  ဒီမိုကရေစီအသွင်ကူးပြောင်း မှုအောင်မြင်ရန် ကြိုးပမ်းနေချိန်တွင် နိုင်ငံတကာအသိုက်အဝန်းများအနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီသာမက ပြည်တွင်းရှိလက်တွေ့ကျသော အခြေအနေများနှင့် အပ်စပ်သော အပြုသဘောဆောင်သည့် ပူးပေါင်းထောက်ပံ့မှုများ ပြုလုပ်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ 


ထို့နောက် CEDAW ကော်မတီမှ သီးခြားအစီရင်ခံစာတွင် အဆိုပြုထားသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ဆက်စပ်မေးခွန်းများကို ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ အမြဲတမ်းကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားခဲ့သည်။


ယင်းနောက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကာ ကိုယ်စားလှယ်အဖွဲ့၏ နိဂုံးချုပ် အမှာစကားတွင် ယနေ့ကျင်းပသည့် ဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး၊ မြန်မာ နိုင်ငံနှင့် CEDAW ကော်မတီအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကော်မတီ၏ သဘောထားအယူအဆများအကြား ကွာခြားချက်များရှိနေသည်ကို တွေ့ရှိရကြောင်း၊ ကော်မတီအဖွဲ့ဝင်အချို့က မေးမြန်းသည့် မေးခွန်းအချို့သည် အထောက်အထား မခိုင်လုံသော စွပ်စွဲချက်များ၊ ချဲ့ကားပြောဆိုမှုများအပေါ် အခြေခံထားသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းသို့သောမေးခွန်းများကို လက်ခံနိုင်ခြင်းမရှိသည့်အတွက် ဝမ်းနည်းပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်ရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)